သက်တံ့
၄. ၄. ၂၀၂၆
အာဖဂန်နစ္စတန်မြောက်ပိုင်းမှာ ပြင်းအား ၅ ဒသမ ၉ အဆင့်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့လို့ အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့တယ်လို့ အာဖဂန် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် ယူဆွဖ်ဟာမက်က ပြောပါတယ်။
ဟာမက်က သောကြာနေ့ (ဧပြီ ၃ ရက်) ညနှောင်းပိုင်းမှာ ပြောကြားချက်အရ ကဘူးလ်ပြည်နယ်ထဲက အိမ်တစ်လုံးဟာ ငလျင်ဒဏ်ကြောင့် ပြိုကျသွားခဲ့ပြီး အထဲမှာရှိနေတဲ့ လူ ၈ ဦး သေဆုံးကာ ကလေးငယ်တစ်ဦးကတော့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ငလျင်ရဲ့ တုန်ခါမှုကို မြို့တော် ကဘူးလ်မှာလည်း အပြင်းအထန် ခံစားခဲ့ရပါတယ်။ ဆင်ဟွာသတင်းဌာနရဲ့ ဖော်ပြချက်အရ ငလျင်ဗဟိုချက်ဟာ မြေအောက်အနက် ၁၈၆ ဒသမ ၄ ကီလိုမီတာမှာ ရှိနေပြီး မြောက်လတ္တီတွဒ် ၃၆ ဒသမ ၅၅ ဒီဂရီနဲ့ အရှေ့လောင်ဂျီတွဒ် ၇၀ ဒသမ ၈၅ ဒီဂရီဝန်းကျင်မှာ စတင်လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီငလျင်ဒဏ်ကို အိန္ဒိယနိုင်ငံ မြောက်ပိုင်းဒေသတွေနဲ့ ဒေလီတစ်ဝိုက်မှာပါ သောကြာနေ့ညက ခံစားခဲ့ရပါတယ်။ ငလျင်လှုပ်တဲ့အခါ လူတွေဟာ ထိတ်လန့်တကြားနဲ့ အိမ်တွေ၊ ရုံးအဆောက်အအုံတွေထဲကနေ အပြင်ကို ပြေးထွက်ခဲ့ကြရပါတယ်။
ဒီလို တုန်ခါမှုတွေကို ဒေလီ၊ နွိုင်ဒါ၊ ဂုရုဂရမ်၊ ဂါဇီရာဘတ်နဲ့ ဖာရီဒါဘတ်အပြင် ဥတ္တရပရာဒေ့ရှ်၊ ဟာရီယာနာနဲ့ အနီးနားက ဒေသတော်တော်များများမှာ ခံစားခဲ့ရတယ်လို့ သတင်းပို့လာကြတာပါ။ နေအိမ်တွေထဲမှာ ထိုင်နေရင်းနဲ့ ရုတ်တရက် လှုပ်ခါသွားတာမျိုး၊ ပရိဘောဂတွေနဲ့ ချိတ်ဆွဲထားတဲ့ ပစ္စည်းတွေ ရမ်းခါသွားတာမျိုးတွေကို လူတွေ ခံစားခဲ့ရပါတယ်။ လှုပ်ခတ်မှုဟာ စက္ကန့်ပိုင်းပဲ ကြာပေမဲ့ အိမ်ထဲမှာရှိနေတဲ့သူတွေ အကုန်လုံး သိသိသာသာ သိလိုက်ရလောက်အောင်ကို ပြင်းထန်ခဲ့တာပါ။ ဘေးကင်းအောင်လို့ လူတွေဟာ အိမ်ပြင်ထွက်ပြီး ကွင်းပြင်တွေမှာ စုဝေးကာ နောက်ဆက်တွဲ သတင်းတွေကို စောင့်ဆိုင်းခဲ့ကြပါတယ်။
အာဖဂန်နစ္စတန်ဟာ သဘာဝဘေးအန္တရာယ် အမျိုးမျိုး ကြုံတွေ့ရလေ့ရှိတဲ့ နိုင်ငံဖြစ်ပေမဲ့ ငလျင်ကြောင့် သေဆုံးရမှုက အများဆုံး ဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် တစ်နှစ်ကို လူ ၅၆၀ လောက် ငလျင်ကြောင့် သေဆုံးနေရပြီး နှစ်စဉ် ပျက်စီးဆုံးရှုံးမှု တန်ဖိုးကတော့ ဒေါ်လာ သန်း ၈၀ လောက် ရှိပါတယ်။ ၁၉၉၀ ပြည့်နှစ်ကစလို့ အာဖဂန်မှာ ပြင်းအား ၅ ဒသမ ၀ ထက်ကျော်တဲ့ ငလျင်ပေါင်း အနည်းဆုံး ၃၅၅ ကြိမ်ထက်မနည်း လှုပ်ခတ်ခဲ့တယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။
အာဖဂန်နစ္စတန်ဟာ ယူရေးရှန်း (Eurasian) ကျောက်ဖျာရဲ့ အစွန်းမှာ တည်ရှိနေတာပါ။ အဲဒီနေရာဟာ အိန္ဒိယကျောက်ဖျာနဲ့ ဆုံတဲ့နေရာဖြစ်ပြီး ချပ်လွှာနှစ်ခုက တစ်ခုနဲ့တစ်ခု တိုက်မိတာ ဒါမှမဟုတ် ပွတ်တိုက်တာမျိုးတွေ ဖြစ်နေတာပါ။ ဒါ့အပြင် တောင်ဘက်က အာရေဗျကျောက်ဖျာ (Arabian plate) ရဲ့ ရိုက်ခတ်မှုတွေလည်း ရှိနေတာကြောင့် ကမ္ဘာပေါ်မှာ ငလျင်လှုပ်နိုင်ခြေ အများဆုံး ဒေသတစ်ခု ဖြစ်နေရတာပါ။
အဓိကကတော့ အိန္ဒိယကျောက်ဖျာဟာ မြောက်ဘက်ကို တိုးဝင်ပြီး ယူရေးရှန်းကျောက်ဖျာကို တွန်းကန်နေတာကြောင့် အာဖဂန်မှာ ငလျင်တွေ ခဏခဏ ဖြစ်နေရတာပါ။ အာဖဂန်ရဲ့ အရှေ့ပိုင်းနဲ့ မြောက်အရှေ့ပိုင်း ဒေသတွေ၊ အထူးသဖြင့် ဥဇဘက်ကစ္စတန်၊ တာဂျီကစ္စတန်၊ ပါကစ္စတန် နိုင်ငံတွေနဲ့ ထိစပ်နေတဲ့ နယ်စပ်ဒေသတွေဟာ ငလျင်ဒဏ်ကို အခံရဆုံး နေရာတွေ ဖြစ်ပါတယ်။
လူဦးရေ ထူထပ်တဲ့ မြို့တော် ကဘူးလ်ဟာလည်း ငလျင်ဒဏ်ကြောင့် နှစ်စဉ် ပျမ်းမျှ ဒေါ်လာ ၁၇ သန်းလောက် ပျက်စီး ဆုံးရှုံးမှု ရှိနေပါတယ်။ ဒါ့အပြင် အာဖဂန်ရဲ့ တောင်တန်းဒေသတွေမှာ ငလျင်လှုပ်ရင် မြေပြိုတာတွေပါ တွဲဖြစ်တတ်လို့ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးမှုတွေ ပိုပြီး များပြားတတ်ပါတယ်။
Ref : Zee News
