◾ ယာယီဆုတ်ခွာပေးထားရသည့် ကချင်အထူးဒေသ (၁) အား တပ်မတော်မှ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ချိန် ပူးပေါင်းပါဝင်နိုင်ရေးအတွက် စုဖွဲ့ခြင်း၊ လေ့ကျင့်ခြင်း၊ စိတ်ဓာတ်မြှင့်တင်ခြင်းနှင့် ရုပ်ဝတ္တုပစ္စည်းများ စုဆောင်းခြင်း ဆောင်ရွက်ခဲ့ရာ ယနေ့အချိန်တွင် အဆင်သင့်အနေအထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်းပါ တင်ပြ
နေမိုး
၄. ၄. ၂၀၂၆
တပ်မတော်၏ တာဝန်များကို လက်ခံရယူထားပြီးဖြစ်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အသစ်နှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အသစ်တို့အား ကချင်အထူးဒေသ (၁) ဦးဆောင်ကော်မတီက ဂုဏ်ပြုသဝဏ်လွှာ ပေးပို့သည်။
ယမန်နေ့ ဧပြီ ၃ ရက် ရက်စွဲဖြင့်ပေးပို့သည့် ဂုဏ်ပြုလွှာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့၏ တာဝန်လွှဲပြောင်းလက်ခံခြင်း ဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို ၂ဝ၂၆ခုနှစ်၊ မတ်လ(၃ဝ)ရက်နေ့တွင် နေပြည်တော်ရှိ ဇေယျသီရိဗိမာန်၌ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။ ထိုအခမ်းအနားတွင် မြန်မာ့တပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန်လွှဲပြောင်းလက်ခံ တာဝန်ထမ်းဆောင်မည့် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် သရေစည်သူ ရဲဝင်းဦး ထံသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ အဆောင်အယောင် ဓားနှင့်အလံတို့ကို လွှဲပြောင်းပေးအပ်ပြီး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဦးစီးကွပ်ကဲမှု တံဆိပ်ကို တပ်ဆင်ပေးခဲ့ပါသည်။ ထို့အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းက ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ကို လွှဲပြောင်းလက်ခံ တာဝန်ထမ်းဆောင်မည့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် သရေစည်သူ ကျော်စွာလင်းထံသို့ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အဆောင်အယောင် ဓားနှင့်အလံ တို့ကို လွှဲပြောင်းပေးအပ်ပြီး ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဦးစီးကွပ်ကဲမှု တံဆိပ်ကို တပ်ဆင်ပေးခဲ့ပါသည်ဟု ဖော်ပြထားသည်။
ထိုသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းများသည် တပ်မတော်၏ မျိုးဆက်သစ် ငယ်ရွယ်နုပျို လန်းဆန်းသည့် တပ်မတော်ဖြစ်စေရေး၊ တပ်မတော်၏ အဓိကတာဝန်ဖြစ်သည့် နိုင်ငံတော် ကာကွယ်ရေး၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်ရေးနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်)ကို ကာကွယ်စောင့်ရှောက်ရေးတာဝန်များနှင့် ပေါ်ပေါက်လာမည့် နိုင်ငံတော်အစိုးရနှင့် လက်တွဲ၍ နိုင်ငံအရေးကို ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် ငယ်ရွယ်နုပျိုသည့် မျိုးဆက်သစ်များအား အဆင့်ဆင့်သော တာဝန်များကို လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။ ပြည်သူက အားကိုးရသည့် တပ်မတော်ဖြစ်စေရန် နားလည်မှု၊ သည်းခံမှု ပေါင်းစပ်၍ တာဝန်ယူမှု၊ လေးစားမှု၊ ချစ်ကြည်မှုများ ပေါင်းစပ် ဆောင်ရွက်သွားပါက တပ်မတော်သည် အစဉ်နုပျိုနေသည့် တပ်မတော်၊ နိုင်ငံတကာက လေးစားအားကျရသည့် တပ်မတော်၊ နိုင်ငံသားများ၏ လေးစားအားကိုး ယုံကြည်စိတ်ချ ချစ်မြတ်နိုးသည့် တပ်မတော်အဖြစ် အစဉ်အမြဲ ရှိနေမည်ဟု ယုံကြည်ပါသည်ဟုလည်း ဖော်ပြပါရှိသည်။
ယင်းအပြင် မိမိတို့ ကချင်ပြည်နယ်အထူးဒေသ(၁) အနေဖြင့် ၂ဝ၂၄ ခုနှစ်တွင် ယာယီဆုတ်ခွာ ပေးထားရ သော်လည်း တပ်မတော်မှ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်သည်နှင့် ပူးပေါင်းပါဝင်နိုင်ရေးအတွက် စုဖွဲ့ခြင်း၊ လေ့ကျင့်ခြင်း၊ စိတ်ဓာတ်မြှင့်တင်ခြင်းနှင့် ရုပ်ဝတ္တုပစ္စည်းများ စုဆောင်းခြင်း ဆောင်ရွက်ခဲ့ရာ ယနေ့အချိန်တွင် အဆင်သင့်အနေအထားသို့ ရောက်ရှိနေပြီးတပ်မတော်၏ လမ်းညွှန်ချက်များနှင့် အညီ စခန်းလုံခြုံရေးတာဝန်များ၊ စစ်ဆင်ရေးတာဝန်များကို ပူးတွဲကျေပွန်စွာ ဆောင်ရွက်လျက် ရှိနေပါသည်။ ဒေသပြန်လည်ရရှိရေးအတွက် တပ်မတော်၏ လမ်းညွှန်မှုကို စောင့်ဆိုင်းလျက်ရှိနေပါသည်။ နိုင်ငံတော်အရေး၊ ဒေသပြန်လည်ရရှိရေး တို့အတွက် အစဉ်နုပျိုနေသည့် တပ်မတော်၏ ဦးဆောင်မှုကို တိကျစွာ အလေးအနက်ထား လိုက်နာဆောင်ရွက်သွားမည် ဖြစ်ပါသည်ဟုလည်း တင်ပြထားသည်။
အထက်ပါ တင်ပြမှုများအပြင် ၂ဝ၂၆ခုနှစ်၊ မတ်လ (၃ဝ)ရက်နေ့တွင် မြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒုတိယ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် တာဝန်လွှဲပြောင်းခြင်း၊ လက်ခံခြင်းသည် မျိုးဆက်သစ် ငယ်ရွယ်နုပျိုလန်းဆန်းသည့် တပ်မတော်ဖြစ်ရေး၊ အစဉ်နုပျိုနေသည့် တပ်မတော်ဖြစ်ရေး၊ နိုင်ငံတကာ လေးစားအားကျရသည့် တပ်မတော်ဖြစ်ရေးတို့ကို ဦးတည်သဖြင့် မိမိတို့မှ လှိုက်လှိုက်လှဲလှဲ ဝမ်းပမ်းတသာ ကြိုဆိုဂုဏ်ပြုပါကြောင်းနှင့် တပ်မတော်အကြီးအကဲများ ကျန်းမာချမ်းသာ အသက်ရာကျော်ရှည်ကြပါစေဟုလည်း ဂုဏ်ပြုသဝဏ်လွှာဖြင့် ဆုမွန်ကောင်းတောင်းပေးခဲ့သည်ကို တွေ့ရသည်။


