



MT News
၄. ၄. ၂၀၂၆
စစ်မှုထမ်းဆောင်ခြင်း တာဝန်များ အောင်မြင်စွာပြီးမြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၁) မှ စစ်သည်များအား ဂုဏ်ပြုခြင်းနှင့် ထောက်ပံ့ပစ္စည်းများ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) တပ်နယ်ခန်းမ၌ ယနေ့နံနက်က ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှ အရာရှိများနှင့် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် (၁) မှ စစ်သည်များ တက်ရောက်ကြသည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ယခုဖော်ပြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၁) ၌ စစ်မှုထမ်းတာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်ခဲ့သည့် နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းစစ်သည်များကို ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၁) မှ စစ်သည်များသည် သတ်မှတ်ကာလပြီးမြောက်အောင် တာဝန်ထမ်းဆောင်နိုင်ခဲ့ကြသည့် အတွက် ဂုဏ်ယူဝမ်းသာပီတိဖြစ်ရပါကြောင်း၊ ဒို့တာဝန်အရေး (၃) ပါးကို ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို စွန့်လွှတ်စွန့်စားမှု၊ ပေးဆပ်မှု၊ ရဲရင့်မှုများနှင့် ထမ်းဆောင်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းများ၏ စွမ်းဆောင်မှုများကို သမိုင်းတင်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်သည် တပ်မတော်သားများသာမက နိုင်ငံသားအားလုံးနှင့် သက်ဆိုင်သည်ဆိုသည့် အနှစ်သာရကိုလည်း ပီပြင်စွာ ဖော်ညွှန်းပြသနိုင်ခဲ့ပါကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရန် သင်တန်းတက်ရောက်ခဲ့စဉ် သင်တန်းကျောင်းများက အတွေးအမြင်၊ ယုံကြည်ချက်၊ ခံယူချက် တူညီအောင် လေ့ကျင့်ပေးပြီးဖြစ်သည့်အတွက် ရရှိလာသည့် အလေ့အကျင့်ကောင်းများကို အသုံးချပြီး နိုင်ငံတော်က အားကိုးအားထားပြုရသည့် နိုင်ငံသားများဖြစ်အောင် ကြိုးစားအားထုတ်ရန် တိုက်တွန်းမှာကြားလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) ဒေသကွပ်ကဲရေးမှူးက ဂုဏ်ပြုမိန့်ခွန်းပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က စစ်မှုထမ်းဆောင်ခြင်း အောင်မြင်စွာပြီးမြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၁)မှ စစ်သည်များအား ဂုဏ်ပြုထောက်ပံ့ပစ္စည်း ချီးမြှင့်ပေးအပ်ရာ စစ်သည်များကိုယ်စား ကိုယ်စားလှယ်တစ်ဦးက လက်ခံရယူသည်။
ထို့နောက် ဒေသကွပ်ကဲရေးမှူးက စစ်မှုထမ်းဆောင်ခြင်း အောင်မြင်စွာပြီးမြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၁) မှ စစ်သည်များအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ရာ စစ်သည်များ ကိုယ်စား ကိုယ်စားလှယ်တစ်ဦးက လက်ခံရယူသည်။
ကယားပြည်နယ်အတွင်း စစ်မှုထမ်းဆောင်ခြင်း အောင်မြင်စွာပြီးမြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၁) စစ်သည် (၃၈၅) ဦးရှိကြောင်း သိရသည်။
