သက်တံ့
၂၂. ၄. ၂၀၂၆
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ ထိုင်းနိုင်ငံဘက်သို့ ကူးစက်လာခြင်း မရှိစေရန် အသိပေးလိုက်သလို နယ်စပ်တစ်လျှောက်ရှိ ထိုင်းဒေသခံများအတွက် စိုးရိမ်မိကြောင်း ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး အနုတင် ချာန်ဝီရကူးလ် (Anutin Charnvirakul) က ဗုဒ္ဓဟူးနေ့ (ဧပြီ ၂၂ ရက်) တွင် ပြောကြားလိုက်သည်။
ယနေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်အချိန်က ပြည်ထဲရေးဝန်ကြီးဌာနတွင် ပြောကြားရာ၌ မြန်မာနိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားနေသည့် တိုက်ပွဲများအကြား နယ်စပ်လုံခြုံရေး စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ ပုံမှန်အစည်းအဝေးတစ်ခုမှ ညွှန်ကြားချက်အမြောက်အမြား ထုတ်ပြန်ထားသည်ဟု အနုတင်က ဆိုသည်။ ထို့အပြင် အခြေအနေအရပ်ရပ်အပေါ် စိုးရိမ်ပူပန်မိကြောင်းလည်း ယင်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ထိုင်းပိုင်နက်အတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်မှုကြောင့် ထိခိုက်ခံစားရသည့် ထိုင်းဒေသခံများနှင့် ပတ်သက်၍ မေးမြန်းရာတွင် အာဏာပိုင်များအနေဖြင့် သံတမန်ရေးအရ ဆက်သွယ်ဆောင်ရွက်ခြင်းနှင့် ပြည်သူ့လုံခြုံရေးဆိုင်ရာ အစီအမံများအပါအဝင် ရရှိနိုင်သော လမ်းကြောင်းအားလုံးမှတစ်ဆင့် တုံ့ပြန်ဆောင်ရွက်နေကြောင်းလည်း အနုတင်က ဖြေကြားခဲ့သည်။
အဆိုပါ ဖြစ်စဉ်များသည် မြန်မာပြည်တွင်းတိုက်ပွဲများ၏ အစိတ်အပိုင်းသာဖြစ်ပြီး ထိုင်းပိုင်နက်ကို ရည်ရွယ်ချက်ရှိရှိ ကျူးကျော်ခြင်းမဟုတ်ကြောင်း မြန်မာအာဏာပိုင်များဘက်က အတည်ပြုထားသည်ဟုလည်း အနုတင်က ပြောသည်။
“ဒါကို ကျွန်တော်တို့ လက်မခံပါဘူး။ တိုက်ပွဲဖြစ်ရင် သူတို့ဘက်ခြမ်းမှာပဲ ဖြစ်ရမယ်။ ကျွန်တော်တို့ နိုင်ငံကို ထိခိုက်မှု မရှိစေရဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။
သီးခြားဖြစ်စဉ်တစ်ခုအနေဖြင့် ဧပြီလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီတွင် မြန်မာ့လေတပ်သည် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ အကြမ်းဖက်ကရင်လက်နက်ကိုင် KNU အခြေပြုထားသော စခန်းတစ်ခုနှင့် KNU အား အမှီပြုနေသည့် နေအိမ်များကို Yak-130 နှင့် MiG-29 တိုက်လေယာဉ်များ အသုံးပြုကာ ထိုင်းနယ်စပ်နှင့် မီတာ ၅၀၀ ခန့်အကွာတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ဗုံးတစ်လုံးသည် သံလွင်မြစ်တစ်လျှောက်ရှိ ထိုင်းနိုင်ငံဘက်ခြမ်း၊ ဘန်မဲဝမ် (Ban Mae Waen) ကျေးရွာအနီးသို့ ကျရောက်ခဲ့သဖြင့် ထိုင်းဒေသခံများအကြား ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်စေခဲ့ပြီး ကြောက်လန့်တကြား ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
Ref : Khaosod
