၂၂.၄.၂၀၂၆
Written by KL
အင်ဗာတာ အပူလွန်ကဲပြီး မီးပွားကျရာမှ အနီးရှိ စက္ကူများပေါ်သို့ မီးကူးစက်ကာ လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးမှု ယနေ့ ဧပြီလ ၂၂ ရက် နံနက် ၁ နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စု၊ သဲဖြူချောင်းကျေးရွာ၊ ဦးဝိတ်ဇောလမ်းတွင် ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
သွပ်မိုး၊ အုတ်ကြွပ်ပြားကာ၊ ပျဥ်ခင်းနှစ်ထပ်နေအိမ်တစ်လုံးတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်နှင့်အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့သော်လည်း လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
မိနစ် ၂၀ ခန့်ကြာမြင့်သော နေအိမ်မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၄ စီး၊ ရေသယ်ယာဥ် ၁ စီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ မိနစ်၂၀ တွင် မီးငြိမ်းခဲ့သည်။
နှစ်ထပ်နေအိမ်တစ်လုံး မီးလောင်မှုကြောင့် အသက် ၄၄ နှစ်အရွယ် အိမ်ရှင် အမျိုးသမီးကို သန်လျင်မြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားသည်။


