◾ မြန်မာအစိုးရသစ်ကို အသိအမှတ်ပြုသည့် ခရီးစဉ်ဖြစ်လာသည့်အပြင် နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရန်ပါ တွေ့ဆုံဆွေးနွေးမည်
သတိုး
၂၂. ၄. ၂၀၂၆
ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ စီဟာဆက် ဖူအာကက်ကောင်း (Sihasak Phuangketkeow) သည် ယမန်နေ့ညက မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သော နေပြည်တော်သို့ ရောက်ရှိလာခဲ့ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်က ကြိုဆိုခဲ့သည်။
ယခုအခါ ထိုင်း – မြန်မာ နှစ်နိုင်ငံစလုံးတွင် အစိုးရအဖွဲ့သစ်များ အသီးသီးဖွဲ့စည်းထားပြီးဖြစ်ရာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာစေရန် ရည်ရွယ်သည့် ဆွေးနွေးပွဲများ ပြုလုပ်ရန်အတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံ၏ သမ္မတသစ်ဖြစ်သူ ဦးမင်းအောင်လှိုင်အား ယနေ့တွင် နေပြည်တော်၌ သွားရောက်ဂါရဝပြု တွေ့ဆုံမည်ဖြစ်သည်။
ဒုတိယဝန်ကြီးချုပ်လည်းဖြစ်သူ စီဟာဆက်သည် ယခုလအစောပိုင်းတွင် ဦးမင်းအောင်လှိုင်အား ပြည်ထောင်စုလွှတ်တော်က သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ပြီးနောက်ပိုင်း ဦးမင်းအောင်လှိုင်အားသွားရောက် ဂါရဝပြု တွေ့ဆုံသည့် အာဆီယံနိုင်ငံများမှ အဆင့်အမြင့်ဆုံး အရာရှိတစ်ဦး ဖြစ်လာခဲ့သည်။
စီဟာဆက်နှင့် ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ည ၇ နာရီခွဲခန့်တွင် နေပြည်တော်သို့ ရောက်ရှိလာရာ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်က ကြိုဆိုခဲ့ပြီး ယနေ့တွင် သမ္မတအိမ်တော်၌ နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်အား ဂါရဝပြု တွေ့ဆုံပြီးနောက် စီဟာဆက်သည် ထိုင်းပုဂ္ဂလိကကဏ္ဍ ကိုယ်စားလှယ်များကို ဦးဆောင်ကာ ဒုတိယသမ္မတ ဦးညိုစောနှင့် တွေ့ဆုံမည်ဖြစ်သည်။ ထို့အပြင် ပြည်ထောင်စုအကြံပေးကောင်စီဝင် ဦးသန်းဆွေ၊ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့နှင့် ဆက်လက်တွေ့ဆုံဆွေးနွေးကာ ညနေ ၆ နာရီတွင် ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။
ယခုခရီးစဉ်သည် သမ္မတသစ်ဦးမင်းအောင်လှိုင်က PDF များအပါအဝင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကို ငြိမ်းချမ်းရေးဆွေးနွေးပွဲအသစ်များ ပြုလုပ်ရန် ဖိတ်ခေါ်ထားသည့်အချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။
မကြာသေးမီ မြန်မာနှစ်ဆန်းတစ်ရက်နေ့ကလည်း ဦးမင်းအောင်လှိုင် ငဲ့ညှာပေးအပ်သည့်လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုအရ အဂတိလိုက်စားမှုများဖြင့် ထောင်နှစ်ရှည်ကျနေသည့် ဒေါ်အောင်ဆန်းစုကြည်၏ ပြစ်ဒဏ်များကို လျှော့ပေါ့ပေးခဲ့သည်။
ထို့အပြင် မဲမသမာမှုပြုသဖြင့် ဖြုတ်ချခံခဲ့ရသည် NLD အစိုးရဟောင်း လက်ထက် သမ္မတဟောင်း ဦးဝင်းမြင့် အပါအဝင် အကျဉ်းသား ၄,၃၃၅ ဦးကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ကာ သမ္မတသစ်၏ ငဲ့ညှာသဘောထားကြီးမှုကို ပြသခဲ့သည်။
၂၀၂၁ ခုနှစ် အာဏာထိန်းသိမ်းမှု ဖြစ်ပွားပြီးနောက် အာဆီယံသည် မြန်မာခေါင်းဆောင်များကို အာဆီယံထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့သည်။ အာဆီယံအဖွဲ့ကြီးအနေဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး၊ နိုင်ငံရေးအရ ဆွေးနွေးမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အပါအဝင် အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်များကို အကောင်အထည်ဖော်ရန် နေပြည်တော်အစိုးရကို အမြဲတစေ တိုက်တွန်းလျက်ရှိသည်။
လက်ရှိအချိန် အာဆီယံအနေဖြင့် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုကြောင်း ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း စီဟာဆက်၏ ယခုခရီးစဉ်မှာ ထိုင်းနိုင်ငံအနေဖြင့် ဦးမင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအစိုးရသစ်ကို တရားဝင်အသိအမှတ်ပြုကြောင်း ကမ္ဘာကသိအောင် လုပ်ဆောင်ပြမှုနှင့် အလားသဏ္ဌာန်တူသည်ဟု ရှုမြင်နိုင်မည်ဖြစ်သည်။
Ref: Thai PBS
