၂၂.၄.၂၀၂၆
Written By Thandar
ပရိသတ်ချစ်ခင်မှုများစွာ ရရှိထားတဲ့ ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ မင်းဇော် အသက် ၅၃ နှစ်ဟာ သင်္ကြန်အတက်နေ့မှာ တေးသီချင်းသီဆိုဖျော်ဖြေရင်း ဘားအံမှာ ကွယ်လွန်ခဲ့တာမို့ ရက်လည်ဆွမ်းသွတ်တရားနာခြင်းကို ယနေ့ ဧပြီ ၂၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၁) ရပ်ကွက်၊ သီဟသူ (၉)လမ်းမှာ ကျင်းပခဲ့ပါတယ်။
“သင်္ဂြိုဟ်လိုက်တဲ့နေ့ကတည်းကနေ ရက်လည်တဲ့နေ့အထိပေါ့လေ။ ကျွန်တော်တို့ အနုပညာလောကမှာ ညီအစ်ကိုတွေလိုနေတာမို့ ကူလုပ်ပေးဖြစ်ပါတယ်။ အစ်ကိုမဆုံးခင်ကတည်း ကျွန်တော့်အပေါ်မှာ အစ်ကိုရဲ့ ကျေးဇူးတွေရှိတယ်။ သူ့လည်း အများကြီးလုပ်ပေးခဲ့တာဆိုတော့ အစ်ကို့ရဲ့ နောက်ဆုံး ခရီးရက်လည်ဆိုတော့ အဲဒီအတွက် ကိုယ်နိုင်တဲ့ဘက်က လာတဲ့အနုပညာအသိုင်းအဝိုင်းတွေကို ဧည့်ခံပေးဖြစ်တယ်။ သူမရှိတော့ဘူးမို့ လာကူပေးဖြစ်တယ်။ ကျွန်တော့်အစ်ကိုဖြစ်နေလို့ ချက်ခြင်းပွဲတွေ ထားပြန်လာတာပါ။ သူ့နောက်ဆုံးခရီးကို ရောက်အောင်ပို့ရင် ကျေနပ်တယ်ပြောခဲ့တာဆိုတော့ ရောက်အောင်လာဖြစ်တာပါ”လို့ သရုပ်ဆောင် စစ်နိုင်ကပြောပါတယ်။
အဆိုပါ ဒါရိုက်တာ မင်းဇော်ရဲ့ ရက်လည်ဆွမ်းသွတ်တရားနာအနေနဲ့ ဆရာတော်အရှင်သူမြတ်တွေကို ကြက်ဆီထမင်း ဆွမ်းကပ်ခြင်း၊ ပစ္စည်းလေးပါးတို့နဲ့အတူ လှူဖွယ်ဝတ္ထုကို ကျန်ရစ်သူမိသားစုက ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။
ဒီရက်လည်တရားနာအလှူကို အနုပညာအသိုင်းအဝိုင်းကဖြစ်ကြတဲ့ အကယ်ဒမီအောင်ခိုင်၊ ဒါရိုက်တာ ရဲရင့်သစ္စာ၊ စစ်နိုင်၊ ကျင်ဝမ်း၊ ဒါရိုက်တာ သရုပ်ဆောင်ဇော်ထွန်း၊ ဒေါင်းဝေ၊ အကယ်ဒမီခင်စိုးပိုင်၊ မင်းညီ၊ ထူးခြားစတဲ့သူတွေ လာရောက်အားပေးခဲ့ကြပါတယ်။
တစ်ချိန်က ဝါရင့်မင်းသားကြီး မင်းဇော်ဟာ လွန်ခဲ့တဲ့ ဧပြီလ (၁၆)ရက် သင်္ကြန်အတက်နေ့မှာ ဘားအံမြို့မှာ ပရိသတ်ကို တေးသီချင်းတွေ သီဆိုဖျော်ဖြေရင်း ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့တာလည်းဖြစ်ပါတယ်။
#UMinZaw #ဦးမင်းဇော် #မင်းဇော် #ရက်လည်ဆွမ်းသွတ်တရားနာ #RIP #အသက်၅၃နှစ် #သရုပ်ဆောင်မင်းဇော် #CelebrityNews









