၂၂.၄.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုမှာ ဘေးအန္တရာယ်ကင်းရေး လုံခြုံစိတ်ချရမှု အကြောင်းတွေနဲ့ ကယ်လီဖိုးနီးယား လေဆိပ်ကို ဆင်းသက်ဖို့ကြိုးစားနေတဲ့ အနိမ့်ပျံအပေါ့စားလေယာဉ်ငယ်တစ်စင်းဟာ ဧပြီလ ၂၀ ရက်က ဓာတ်အားလိုင်းတိုင်ကို ဝင်တိုက်မိပြီး ပျက်ကျခဲ့တယ်လို့ သိရပါတယ်။
လော့စ်အိန်ဂျယ်လ် မြို့ကြီးအနီး ပါကွိုင်မာမြို့ (Pacoima) ရှိ Whiteman လေဆိပ်မှ လမ်းအနည်းငယ်အကွာမှာ Van Nuys Boulevard လမ်းမကြီး တစ်လျှောက်ရှိ လျှပ်စစ်ဓာတ်အားလိုင်းတိုင်တွေကို လေယာဉ်ဝင်တိုက်မိတဲ့ ကြောက်မက်ဖွယ်ဗီဒီယိုတစ်ခု ထွက်ပေါ်လာခဲ့ပြီးနောက်မှာ အသက် ၇၀ နှစ် အရွယ်လေယာဉ်မှူးအမျိုးသားကိုလည်း အရေးပေါ်စိုးရိမ်ရတဲ့အခြေအနေနဲ့ ဆေးရုံပို့ပေးခဲ့ရပါတယ်။
လူမှုမီဒီယာ X မှာ ဧပြီလ ၂၁ ရက်က တင်ခဲ့တဲ့ အဆိုပါ ဗီဒီယိုမှာ လေယာဉ်ငယ်ဟာ ကွင်းသို့အဆင်း ဓာတ်အားလိုင်းတွေနဲ့ နီးကပ်စွာ ပျံသန်းနေတုန်း ဓာတ်အားလိုင်းတိုင်နဲ့တိုက်မိကာ မြေပြင်ကို ဦးစိုက် ပျက်ကျခဲ့တာပါ။
လော့စ်အိန်ဂျယ်လ် မီးသတ်တပ်ဖွဲ့က Vista Aviation ပိုင်ဆိုင်ပြီး လေယာဉ်မှူးကငှားရမ်းထားတဲ့ အဆိုပါ အင်ဂျင်တစ်လုံးတပ် Cessna လေယာဉ်သည် လေဆိပ်တစ်ဝိုက်တွင် ပျံသန်းမှုပုံစံတွေ ပြုလုပ်နေခိုက် ခုလိုဓာတ်အားလိုင်းတွေနဲ့ ဝင်တိုက်မိပြီး နောက်ဆုံးမှာမြေပြင်က O’Reilly’s ကားဆိုင်ရှိ ကားရပ်နားဖို့နေရာတစ်ခုထဲကို ပျက်ကျခဲ့တာလို့ သိရပါတယ်။ လေယာဉ်ငယ်က ကွင်းမှပျံတက်ပြီး လေထဲမှာ ၁၀ မိနစ်ခန့်သာ ရှိနေသေးတာပါ။ လေယာဉ်မှူးကိုတော့ ပျက်ကျ လေယာဉ်ရဲ့အပြင်ဘက်မှာ တွေ့ရှိခဲ့ကြတာပါ။
လေယာဉ်မှူးကို ကယ်ဆယ်ဖို့ ကူညီပေးခဲ့သူတစ်ဦးက “သူ့ခန္ဓာကိုယ် တစ်ဝက်လောက်က လေယာဉ်က ဖိညှစ်မိသွားတယ်” လို့ ပြောကြားခဲ့ပါတယ်။ လေယာဉ်ပျက်ကျမှုကြောင့် အဲဒီဒေသရဲ့ အစိတ်အပိုင်းတချို့မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားပြီး အင်္ဂါနေ့မှာ လေယာဉ်အဖွဲ့သားတွေက ပြန်လည်ပြုပြင်ဖို့ လုပ်ဆောင်နေတယ်လို့ သတင်းဌာနက ဖော်ပြပါတယ်။
ပါကွိုင်မာမြို့ ဒေသခံတွေကတော့ လေယာဉ်ငယ် ပျက်ကျပြီးနောက်မှာ လေဆိပ်ကို ပိတ်ပစ်ဖို့အထိ တောင်းဆိုနေကြပါတယ်။
Ref- Yahoo News
