၂၂.၄.၂၀၂၆
Written By Thandar
ပရိသတ်ချစ်ခင်မှုအခိုင်အမာရရှိထားတဲ့ မင်းသား အကယ်ဒမီပြေတီဦး၊ မင်းသမီး အိန္ဒြာကျော်ဇင် မိသားစုတို့က နှစ်ဦးအလှူအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့က ဝိမုတ္တိဉာဏဓမ္မတရားရိပ်သာကျောင်း လေးကျွန်းစကြာစေတီတော်ကို ဉာဏ်တော်မြှင့်ဖို့အတွက် ကျပ်သိန်း ၅၀၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အလှူအနေနဲ့ လေးကျွန်းစကြာစေတီတော်ကို လုံးတော်ဉာဏ်တော်မြှင့်၍လည်းကောင်း၊ ရင်ပြင်တော်မုခ်(၄)မုခ် ပြုပြင်မွန်းမံ့ အသစ်ချဲ့ထွင်တည်ဆောက်ပြုပြင်ခြင်းတို့အတွက် ပြေတီဦးတို့ မိသားစု ကျပ် သိန်း ၅၀၀ ပါဝင်လှူဒါန်းခဲ့တာလည်းဖြစ်တယ်လို့ ဆိုပါတယ်။
“လေးကျွန်းစကြာစေတီတော် အရှေ့ဘက်ရှိ မူလနဂါးရုံဘုရားလေးကို နေရာရွှေ့ပြောင်းလိုက်ပါတယ်။ ဒီ နဂါးရုံဘုရားအား ပယ်ဖျက်ပြီးတော့ ဓမ္မစကြာ(စကျင်) ရုပ်ပွားဆင်းတုတော်(၁)ဆူနဲ့ (၃၆)ပေအမြင့် နဂါးရုံအသစ် တည်ဆောက်ဖို့ရှိပါတယ်”လို့ အဆိုပါ ကျောင်းတိုက်တာဝန်ရှိသူက ပြောပါတယ်။
ဒီအလှူအတန်းအတွက်လည်း ဝိမုတ္တိဉာဏဓမ္မတရားရိပ်သာကျောင်း ဆရာတော်ကို ကနဦး ပထမအကြိမ် သိန်း(၁၀၀)ကျပ်လှူဒါန်းထားလို့ သိရပါတယ်။ မှော်ဘီမြို ဝိမုတ္တိဉာဏဓမ္မတရားရိပ်သာကျောင်းရဲ့ အလှူအတွက် စေတနာရှင်တွေအနေနဲ့ မည်သူမဆိုပါဝင်လှူဒါန်းနိုင်တယ်လို့လည်း ဆိုပါတယ်။
