၂၀. ၄. ၂၀၂၆
Written by Nyein Kyaw
မြန်မာ-ရုရှား-တရုတ်သုံးနိုင်ငံ ပူးပေါင်း၍ စွမ်းအင်လုံခြုံရေးနှင့် စွမ်းအင်ဖူလုံရေး ဆောင်ရွက်သွားမည့်အပြင် မြန်မာနိုင်ငံအတွက် ရေနံနှင့်ရေနံထွက်ပစ္စည်းများအား ရေရှည်ဖြည့်ဆည်းပေးနိုင်ရန် သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
ယင်းကဲ့သို့ ဆောင်ရွက်နိုင်ရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ၏အကြံပေးပုဂ္ဂိုလ် H.E. Mr. Anton Kobyakov နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စွမ်းအင်ဝန်ကြီး H.E. Mr. S.E.Tsivilev တို့၏ဖိတ်ကြားမှုအရ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်နိုင်ရန် ဧပြီ ၁၂ ရက်မှ ၁၉ ရက်အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့သို့သွားရောက်ခဲ့ပြီး ယမန်နေ့ ဧပြီ ၁၉ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။
အဆိုပါ ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံအကြီးအကဲများနှင့် ဒေသဆိုင်ရာအကြီးအကဲများ၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြန်မာ-ရုရှား-တရုတ် သုံးနိုင်ငံပူးပေါင်း၍ စွမ်းအင်လုံခြုံရေးနှင့် စွမ်းအင်ဖူလုံရေးဆောင်ရွက်သွားမည့် အစီအမံများအားဆွေးနွေးခြင်း၊ မြန်မာနိုင်ငံအတွက် ရေနံနှင့် ရေနံထွက်ပစ္စည်းများအား ရေရှည်ဖြည့်ဆည်းပေးနိုင်ရန် သဘောတူညီမှုလက်မှတ်ရေးထိုးခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
