
၂၀.၄.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုနှင့် အီရန်တို့အကြား လာမည့် ဧပြီလ ၂၂ ရက်တွင် နှစ်ပတ်ကြာ အပစ်အခတ် ရပ်စဲရေးကာလ မကုန်ဆုံးမီ ဒုတိယအကြိမ်ဆွေးနွေးပွဲကိုကျင်းပသွားရန် မျှော်လင့်နေကြချိန်၌ပင် အမေရိကန်ရေတပ်ကအိုမန်ပင်လယ်ကွေ့၌ ၎င်း၏ပိတ်ဆို့မှုကို ကျော်လွှားရန်ကြိုးစားသော အီရန်အလံ လွှင့်ထူထားသည့် ကုန်တင်သင်္ဘောတစ်စင်းကို ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က ဧပြီလ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်နှင့် အမေရိကန်ထိပ်တန်းအရာရှိများက လာမည့်ရက်များအတွင်း အီရန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ထပ်မံကျင်းပရန် ပါကစ္စတန်နိုင်ငံသို့ သွားရောက်မည်ဟု အိမ်ဖြူတော်က ပြောကြားထားသော်လည်း ဟော်မုဇ်ရေလက်ကြားနှင့်ပတ်သက်၍ ယခုကဲ့သို့ တင်းမာမှုများဖြစ်လာခြင်း ကြောင့် ဆွေးနွေးပွဲများ၏အခြေအနေမှာ မသေမချာဖြစ်နေကြောင်း သိရသည်။
အီရန်အစိုးရက ဆွေးနွေးပွဲသို့ ကိုယ်စားလှယ်အဖွဲ့စေလွှတ်မည်ဟု လူသိရှင်ကြားအတည်မပြုသေးသည့် အပြင် နိုင်ငံပိုင်မီဒီယာအချို့ကလည်း ဆွေးနွေးပွဲများ မဖြစ်နိုင်ဟု အရိပ်အမြွက်ဖော်ပြခဲ့ကြသည်။ အီရန် စစ်တပ်ကလည်း အီရန်ကုန်တင်သင်္ဘောကို အမေရိကန်က ဖမ်းဆီးခဲ့ခြင်းအား မကြာမီတုံ့ပြန်မည်ဟု အီရန်နိုင်ငံပိုင်မီဒီယာများက သတိပေးခဲ့ကြသည်။
အီရန်၏ ထိပ်တန်းပူးတွဲစစ်ရေးကွပ်ကဲမှုဌာနချုပ်ဖြစ်သော Hazrat Khatam al-Anbiya ဗဟိုဌာနချုပ်က အမေရိကန်၏လုပ်ရပ်များကို လျင်မြန်စွာတုံ့ပြန်မည်ဟု ကတိပြုခဲ့ကြောင်းလည်း သိရသည်။ စစ်ဌာနချုပ် ၏ ပြောရေးဆိုခွင့်ရှိသူက အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များသည် အမေရိကန်စစ်တပ်၏ ဤလက်နက်ကိုင်ပင်လယ်ဓားပြမှုကို မကြာမီတုံ့ပြန်ပြီး လက်စားချေမည်ဟု သတိပေးခဲ့ကြောင်း သိရသည်။
အီရန်နိုင်ငံပိုင်မီဒီယာက စစ်ဘက်ပြောရေးဆိုခွင့်ရှိသူတစ်ဦးကို ကိုးကား၍ အဆိုပါသင်္ဘောက တရုတ်နိုင်ငံမှ အီရန်နိုင်ငံ ဦးတည်ခုတ်မောင်းလာနေကြောင်း ဖော်ပြခဲ့သည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ပထမအကြိမ်ပြုလုပ်ခဲ့သော်လည်း အီရန်၏ယူရေနီယမ် သိုလှောင်မှုကို ထိန်းချုပ်ခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာစွမ်းအင်ထောက်ပံ့မှုအတွက် အရေးပါသော ရက်သတ္တပတ်များစွာ ပိတ်မိနေသည့် ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ခြင်းကဲ့သို့ အဓိကဆွေးနွေးမှုများ အပါအဝင် အခြားအကြောင်းအရာများတွင် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရသည်။
Ref – CNN, DW News
