


သက်တံ့
၂၀. ၉. ၂၀၂၆
အမေရိကန်ပြည်ထောင်စုတောင်ပိုင်း လူဝီစီယားနားပြည်နယ်တွင် ဧပြီလ ၁၉ ရက် အစောပိုင်းက သေနတ်ဖြင့် လိုက်လံပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ကလေးငယ် ၈ ဦး သေဆုံးခဲ့ကြောင်းနှင့် ယင်းမှာ အိမ်တွင်းအကြမ်းဖက်မှု ဖြစ်ပုံရကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
မည်သူမည်ဝါဖြစ်ကြောင်း ချက်ချင်းအတည်မပြုနိုင်သေးသည့် သေနတ်သမားကို ကားဖြင့်လိုက်လံဖမ်းဆီးပြီးနောက် ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့သဖြင့် သေဆုံးသွားပြီဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။
အဆိုပါဖြစ်စဉ်မှာ လူဝီစီယားနားပြည်နယ် အနောက်မြောက်ပိုင်းရှိ ရှရိဗ်ပို့တ် (Shreveport) မြို့ရှိ နေအိမ်အချို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
”အခင်းဖြစ်ပွားတဲ့နေရာဟာ နေအိမ်နှစ်လုံးကြားအထိ တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတာပါ” ဟု ရဲတပ်ဖွဲ့မှ တပ်ကြပ် ခရစ် ဘော်ဒီလွန်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည့်အပြင် စုံစမ်းစစ်ဆေးရေးမှူးများ အသေးစိတ် ပိုက်စိပ်တိုက် ရှာဖွေနေသည့်နေရာများတွင် တတိယမြောက် နေအိမ်တစ်လုံးလည်း ပါဝင်နေသေးသည်ဟု ဖြည့်စွက်ပြောသည်။
သေဆုံးသူများသည် အသက် ၁ နှစ်မှ ၁၄ နှစ်အတွင်းရှိ ကလေးငယ်များဖြစ်ကြောင်း ဘော်ဒီလွန်က ဆိုသည်။
”အထဲမှာရှိနေတဲ့ သတ်ဖြတ်ခံ ကလေးငယ်အချို့ဟာ သူ့ရဲ့ သားသမီး၊ မြေးမြစ်တွေဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အခြားလူနှစ်ဦးလည်း သေနတ်ကျည်ဆန်ထိမှန်ခဲ့သော်လည်း ၎င်းတို့၏ အခြေအနေကိုမူ ချက်ချင်းမသိရှိရသေးပေ။
သံသယရှိသူသည် မော်တော်ယာဉ်တစ်စီးကို အဓမ္မလုယူမောင်းနှင်ပြီး ထွက်ပြေးခဲ့ရာမှ ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ ရဲအရာရှိများက သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် တိုက်ခိုက်သူ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
”ဒီနေရာတွေမှာ သေနတ်ပစ်ခတ်ခဲ့သူဟာ သူတစ်ဦးတည်းပဲလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ဘော်ဒီလွန်က သုံးသပ် ပြောကြားပြီး ယင်းဖြစ်စဉ်ကို “အိမ်တွင်းအကြမ်းဖက်မှု” ဟု ခေါ်ဆိုခဲ့သည်။
သေနတ်များကို အလွယ်တကူဝယ်ယူရရှိနိုင်သည့် အမေရိကန်ပြည်ထောင်စုတွင် သေနတ်ဖြင့် အကြမ်းဖက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး နှစ်စဉ် လူပေါင်းထောင်ချီ သေဆုံးလျက်ရှိသည်။
”ဒါဟာ ရှရိဗ်ပို့တ်မြို့အတွက် တကယ့်ကို ဆိုးရွားတဲ့ မနက်ခင်းတစ်ခုပါပဲ၊ ကျွန်တော်တို့အားလုံးလည်း သေဆုံးသူတွေနဲ့အတူ ထပ်တူဝမ်းနည်းရပါတယ်” ဟု မြို့တော်ဝန် Tom Arceneaux က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
Ref: AFP
ပုံစာ။ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် သတ်ဖြတ်ခံ ကလေးငယ်အချို့၏ ရှင်သန်စဥ်ပုံရိပ်။
