နေမိုး
၂၀. ၄. ၂၀၂၆
ကိုးကန့်လက်နက်ကိုင် MNDAA ထိန်းချုပ်ဒေသ ကွမ်းလုံမြို့၊ ကောင်းကော်ရွာသစ် “ဝ” ရွာမှာ တပ်ပြေးသွားတဲ့ “ဝ” လူငယ် သုံးဦးအစား အသက် (၆၀) အရွယ် သူတို့ရဲ့ဖခင်တွေကို ကိုးကန့်တပ်က ဖမ်းဆီးထားသလို သားတွေကိုယ်တိုင် စစ်မှုလာရောက် မထမ်းမချင်းဖမ်းထားမှာဖြစ်တယ်လို့ “ဝ”လက်နက်ကိုင် UWSA ထိန်းချုပ်မီဒီယာ Wa News Land (WNL) က ဒီမနက်ဖော်ပြပါတယ်။
ဖခင်ဖြစ်သူတွေကို ကိုးကန့်တရုတ် MNDAA ရဲ့ ၃၁၂ တပ်ထဲမှာ ဖမ်းထားကြပြီး သူတို့က ဦးညီမိန်း၊ ဦးလုတ်ပေါင်းနဲ့ ဦးငို့နပ်တို့ဖြစ်သလို အစက ငါးရက်အချိန်ပေးမယ်ပြောပေမဲ့ သူတို့ပြန်မလာရင် ဆက်ဖမ်းထားမယ်လို့လည်း MNDAA က ခြိမ်းခြောက်ထားတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။
ထွက်ပြေးသွားတဲ့ လူငယ် သုံးဦးစလုံးဟာ “ဝ” လူငယ်တွေဖြစ်ပြီး ကိုးကန့်တပ်ထဲ စစ်မှုထမ်းလာတာ သုံးနှစ်ရှိနေပြီဖြစ်သလို ဝင်ခါစက သုံးနှစ်အထိထမ်းဆောင်ပြီးပါက ထွက်စာတင်ပြီး ထွက်နိုင်ကြောင်း MNDAA က ပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။
“တိုက်ပွဲတွေဖြစ်တော့ မဝင်မနေရတဲ့။ မဝင်ရင် နေအိမ်ချိပ်ပိတ်မယ်။ ပိုင်ဆိုင်မှုတွေသိမ်းမယ်ဆိုပြီး ခြိမ်းခြောက်တာ။ အခု အဖေတွေကို ဖမ်းခေါ်သွားကြတယ်။ သားတွေမလာရင် အဲ့ဒီအသက် ၆၀ အရွယ်၊ ဖခင်အိုတွေက ထမ်းဆောင်ရမယ်တဲ့။ အဓိပ္ပာယ်မှ မရှိတာ။ အပြောတစ်မျိုး အလုပ်တစ်မျိုး။ စစ်မှုထမ်းဥပဒေကို တိတိကျကျ ပြဌာန်းထားတာလည်း မရှိဘူး။ သူတို့ ကိုးကန့်လူမျိုးအချင်းချင်းဆို အဲ့လိုမလုပ်ဘူး။ အကုန်တိုင်းရင်းသား ကလေးတွေပဲ။ ကွမ်းလုံမှာက KIA ရှိတယ်။ ကချင်ရှိတဲ့နေရာတိုင်း KIA က သူ့လူသူခေါ်သွားတယ်။ ကျန်တဲ့ “ဝ” ၊ ရှမ်း၊ လားဟူတို့က အကာအကွယ်မဲ့နေရတယ်”လို့လည်း WNL က ဖော်ပြပါတယ်။
WNL ရဲ့ စာရင်းတွေအရ ကိုးကန့်တပ်ထဲ တာဝန်မထမ်းဆောင်ချင်တာကြောင့် လွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့ “ဝ” လူငယ် ၁၅ ဦးထက်မနည်းရှိနေသလို တချို့က အချုပ်ကျနေပြီး ညှင်းပန်းနှိပ်စက်ခံရသူတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် MNDAA ဟာ ၁၀၂၇ စစ်ဆင်ရေးထဲ တိုက်ပွဲကြောင့် ထွက်ပြေးလာကြတဲ့လောက်ကိုင်က နေရပ်ပြန်တိုင်းရင်းသား လူငယ်ထောင်ချီကို အတင်းအဓမ္မ ဖမ်းဆီးခဲ့ပြီး စစ်သင်တန်းပေးကာ ရှေ့တန်းတိုက်ပွဲတွေမှာ ပါဝင်စေခဲ့တယ်လို့လည်း WNL က ဆိုပါတယ်။
Ref & Photo – WNL, The Kokang
