◾️ ယာယီဘေလီတံတား ထပ်ပိုးအသုံးပြုနေရသည့် ဆွာချောင်းတံတား (အသွားလမ်း) နေရာတွင်လည်း တံတားအသစ် ပြန်လည်တည်ဆောက်ခြင်းကို ဆက်လက်ဆောင်ရွက်မည်
၂၀. ၄. ၂၀၂၆
Written by Nyein Kyaw
မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့သော အမြန်လမ်းမကြီးပေါ်ရှိ ဆွာချောင်းတံတား (အပြန်လမ်း)အား အသစ်အစားထိုး ပြန်လည်တည်ဆောက်ခဲ့ရာ လာမည့် ဇွန်လတွင် ပြန်လည်အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်လမ်းပိုင်း)တွင် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော လမ်း၊ တံတားများအား ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် မိုင်တိုင်အမှတ် (၁၆၅/၁) ရှိ ဆွာချောင်းတံတား အသစ်တည်ဆောက်နေသည့် အခြေအနေများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ယမန်နေ့ ဧပြီ ၁၉ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ယခုဆွာချောင်းတံတားနေရာသည် ရာဂီမုန်တိုင်းကြောင့် ရေကြီးရေလျှံ၍ ပြင်းထန်သော ရေတိုက်စားမှုခံရခြင်း၊ မန္တလေးငလျင်လှုပ်ခဲ့စဉ်တွင်လည်း ငလျင်ဒဏ်အား ပြင်းထန်စွာခံရသည့်အပိုင်းတွင် ပါဝင်ခဲ့ခြင်းတို့ကြောင့် သဘာဝဘေးအန္တရာယ် မကြာခဏခံရလေ့ရှိသည့်နေရာဖြစ်သဖြင့် ငလျင်ဒဏ်ခံနိုင်သည်အထိ စဉ်းစားဆောင်ရွက်ခဲ့ကြောင်း ပြောကြားသည်။
ထို့ကြောင့် တည်ဆောက်ရေးတာဝန် ယူထားသူများအနေဖြင့် တံတားအသစ် ပြန်လည်တည်ဆောက်ရာတွင် ဒီဇိုင်းပါပုံစံများအတိုင်း သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်ဝစွာဖြင့် ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် အသွားလမ်းဘက်ရှိ ယာယီဘေလီတံတားကြံ့ခိုင်မှုအား အမြဲမပြတ်စစ်ဆေးရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးက မှာကြားသည်။
ယခုမိုင်တိုင်အမှတ် (၁၆၅/၁)ရှိ ဆွာချောင်းတံတား(အပြန်လမ်း)အား အသစ်အစားထိုး ပြန်လည်တည်ဆောက်လျက်ရှိရာ ၂၀၂၆ ခုနှစ် ဇွန်လတွင် ပြန်လည်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆွာချောင်းတံတား (အပြန်လမ်း) အသစ်တည်ဆောက်ပြီးစီးပါက လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေးအတွက် (အသွားလမ်း)နေရာတွင် ယာယီဘေလီတံတား ထပ်ပိုးအသုံးပြုနေခြင်းကိုလည်း အစားထိုး၍ တံတားအသစ် ပြန်လည်တည်ဆောက်ခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
