၂၀.၄.၂၀၂၆
Written By Thandar
“မေမေ့အချစ်ဦး”နဲ့ “အလွှာ” ရုပ်ရှင်ဇာတ်ကားကြီးတို့ဟာ ပရိသတ်အားပေးမှုကြောင့် သတ်မှတ်စံချိန် ကျော်လွန်သွားပြီး နှစ်ပတ်ဆက်တိုက် ရုံတင်ပြသခွင့်ရရှိခဲ့တယ်လို့ သိရပါတယ်။
“ကျွန်တော်တို့တွေ အကောင်းဆုံး ပရိသတ်ကို ရသတွေမတူအောင် ဖန်တီးထားတဲ့ မေမေ့အချစ်ဦးက ပရိသတ်မြင်တွေ့နေကြမဟုတ်တဲ့ သရုပ်ဆောင်အသစ်လေးဖြစ်တဲ့ သဲသဲလည်းပါတယ်။ မေမီ့ရဲ့ မိခင်တစ်ယောက်လို့ ခံစားချက်တွေကို ပေါ်လွင်အောင် ရိုက်ထားတဲ့ကားလေးလည်းဖြစ်တယ်။ လက်မှတ်တွေ ရောင်းမလောက်အောင် တခဲနက်အားပေးကြည့်ရှုပေးကြတဲ့ ချစ်တဲ့ ပရိသတ်တစ်ဦး တစ်ယောက်ချင်းစီကို မေမေ့အချစ်ဦး အဖွဲ့သားတွေက အထူးကျေးဇူးတင်ရှိပါတယ်။ ဒါကြောင့်လည်း နှစ်ပတ် ရုံတင်ပြသခွင့်ရတာပါ”လို့ ဒါရိုက်တာ မင်းဆက်သစ်က ပြောပါတယ်။

အဆိုပါ “မေမေ့အချစ်ဦး”နဲ့ “အလွှာ” ရုပ်ရှင်ဇာတ်ကားကြီးတွေကို မြန်မာနှစ်ဆန်းတစ်ရက် ဧပြီလ ၁၇ ရက်ကစပြီး မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံပေါင်း (၇၈) ရုံမှာတစ်ပြိုင်တည်း ရုံတင်ပြသပေးနေတာလည်းဖြစ်ပါတယ်။
စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးရဲ့ “မေမေ့အချစ်ဦး”ရုပ်ရှင်ဇာတ်ကားကို ဇာတ်ညွှန်း အင်ကြင်းဟန်၊ ဇာတ်လမ်းနဲ့ ဒါရိုက်တာ မင်းဆက်သစ်က အချစ်ဒရာမာ ဇာတ်လမ်းပုံစံ သရုပ်ဆောင်တွေအနေနဲ့ ဟင်နရီစံ၊ မေမီကိုကို၊ သဲစုညိမ်း၊ စိုးမိုးကြည်၊ နန်းခမ်းဝါ၊ ဝင်းမင်းသန်း၊ စွမ်းထက်အောင်၊ ရွှန်းလဲ့ကိုကို၊ ယွန်းသဒ္ဒါဟန်၊ သံစဉ်ဆည်းဆာ၊ သံစဉ်ဖြိုးပိုင်၊ ဟိန်းထက်အောင် စတဲ့ အနုပညာရှင်တွေနဲ့ ရိုက်ကူးထားပါတယ်။
မိုးကောင်းကင်ထုတ်လုပ်ရေးက “အလွှာ”ရုပ်ရှင်ဇာတ်ကားကို ဇာတ်ညွှန်း မိုးစက်ဝိုင်း၊ ဇာတ်လမ်းနဲ့ ဒါရိုက်တာ စိုးမိုးမင်းက လူဘောင်လောကထဲက အလွှာအသီးသီးတွေရဲ့ အက်ရှင်ဒရာမာဇာတ်လမ်းပုံစံ ခံစားချက်တွေနဲ့ ရိုက်ကူးထားပြီး တိုင်ရွန်၊ အကယ်ဒမီအေးချမ်းမောင်၊ ဟိန်းသီဟ၊ အကယ်ဒမီခြူးလေး၊ မေဂရေ့စ်၊ ထွန်းပုလဲရတနာ၊ ရဲရင့်စည်သူ၊ ဆန်းမင်းဟိန်းထွဋ်၊ နေဆန်း၊ စိုးမိုးကြည်၊ အက္ခရာ၊ ဝါဝါအောင်၊ ဇော်ဝင်းမောင်၊ နန်းရွှေအိမ် စတဲ့သူတွေနဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။
