◾️ ကြက်၊ ငှက်များ ပုံမှန်မဟုတ်ဘဲ ရုတ်တရက်သေဆုံးပါက ချက်ချင်းသတင်းပို့ရန်နှင့် အသားနှင့် ဥတို့ကို သေချာစွာကျက်အောင် ချက်ပြုတ်ပြီးမှစားသုံးရန် အသိပေးနှိုးဆော်
၂၀. ၄. ၂၀၂၆
Written by Nyein Kyaw
ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ကျရောက်ခြင်းမရှိစေရေးအတွက် မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို စနစ်တကျမြှင့်တင်ရန်လိုအပ်သောကြောင့် မွေးမြူရေးခြံများ သတ်မှတ်စည်းကမ်းများကို လိုက်နာဆောင်ရွက်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အသိပေးချက် ထုတ်ပြန်ထားသည်။
ကြက်ငှက်တုပ်ကွေးရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြီး ရာသီမရွေး ကူးစက်ကျရောက်ဖြစ်ပွားတတ်သဖြင့် မိမိတို့ ကြက်၊ ဘဲ၊ ငုံးခြံများတွင် အဆိုပါရောဂါ ကူးစက်ကျရောက်ခြင်းမရှိစေရေးအတွက် မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို စနစ်တကျမြှင့်တင်ရန် လိုအပ်သည်။
ထို့ကြောင့် ကြက်ငှက်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကြက်၊ ဘဲ၊ ငုံး မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို အထူးဂရုပြုဆောင်ရွက်ရန်၊ ကြက်၊ ဘဲ၊ ငုံးမွေးမြူရေးခြံများနှင့် ကြက်၊ ဘဲ၊ ငုံးအရှင်ဈေးများတွင် စနစ်တကျ ပိုးသတ်ဆေးဖျန်းခြင်း ပုံမှန်ပြုလုပ်ဆောင်ရွက်မှုများကို လိုက်နာဆောင်ရွက်ရန် အသိပေးနှိုးဆော်ထားသည်။
ထို့အတူ အခြားခြံများမှ အသုံးအဆောင်ပစ္စည်းများ ငှားရမ်းသုံးစွဲခြင်းမပြုရန်နှင့် လူနှင့် ယာဉ်အဝင်အထွက် ထိန်းချုပ်ကန့်သတ်ရန်၊ ကြက်၊ ဘဲ၊ ငုံးမွေးမြူရေးခြံများအတွင်း အပူချိန်၊ စိုထိုင်းဆ၊ လေဝင်လေထွက်ကောင်းမွန်စေရေး ဆောင်ရွက်ရန်၊ မွေးမြူရေးခြံအတွင်းသို့ ဝင်ရောက်ပါက ပါးစပ်နှင့် နှာခေါင်းစည်း၊ လက်အိတ် စသည့် အကာအကွယ်ပစ္စည်းများ စနစ်တကျဝတ်ဆင်ရန် အသိပေးနှိုးဆော်ထားသည်။
ထို့ပြင် ကြက်၊ ငှက်များကို ကိုင်တွယ်ပြီးတိုင်းနှင့် ကြက်၊ ဘဲ၊ ငုံး မွေးမြူရေးခြံများမှ ထွက်သည့်အခါတိုင်း ဆပ်ပြာဖြင့် လက်ဆေးခြင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးပြုလုပ်ခြင်းများ ဆောင်ရွက်ရန်၊ အသားနှင့် ဥတို့ကို သေချာစွာကျက်အောင် ချက်ပြုတ်ပြီးမှစားသုံးရန် အသိပေးနှိုးဆော်ထားသည်။
ယင်းအပြင် ကြက်၊ ငှက်များ ပုံမှန်မဟုတ်ဘဲ ရုတ်တရက်သေဆုံးပါက နီးစပ်ရာ အုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်ထံသို့ ချက်ချင်းသတင်းပို့ရန်၊ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါစူးစမ်းရှာဖွေခြင်း လုပ်ငန်းများတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် အသိပေးနှိုးဆော်ထားသည်။

