၂၀.၄.၂၀၂၆
Written by Linn Eain
ဆဋ္ဌသင်္ဂါယနာတင် အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကို ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ ကဆုန်လပြည့်နေ့(ဧပြီ ၃၀ ရက်)တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရန်ကုန်မြို့ ၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်တွင် ဧပြီ ၁၉ ရက်ကပြုလုပ်ခဲ့ပြီး သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးတွင် ဆဋ္ဌသင်္ဂါယနာ တင်တော်မူခဲ့ကြရာ ယခုလာမည့် ၁၃၈၈ ခုနှစ် ကဆုန်လပြည့်နေ့တွင် ဆဋ္ဌသင်္ဂါယနာတင်ခဲ့သည်မှာ နှစ် (၇၀) ပြည့်မြောက်မည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကို ၁၃၈၈ ခုနှစ် ကဆုန်လပြည့်နေ့တွင် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးတွင် ခမ်းနားကြီးကျယ်စွာ ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက မဟာမင်္ဂလာအခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လုပ်ငန်းပြီးစီးမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး သက်ဆိုင်ရာဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌနှင့် အတွင်း ရေးမှူးများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားတွင် အထိမ်းအမှတ်ကျောက်စာတိုင်နှင့် အထိမ်းအမှတ်ပြခန်းအနေဖြင့် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး အတွင်းပတ်လမ်းရှိ ပထမသင်္ဂါယနာမှ ဆဋ္ဌသင်္ဂါယနာအထိ အဆင့်ဆင့်သင်္ဂါယနာတင်ခဲ့သည့် ပြခန်းများ၊ ပြကွက်များနှင့် မျက်မှောက်ကာလတွင် သာသနာတော်တိုးတက်ထွန်းကား ပြန့်ပွားရေးအတွက် နိုင်ငံတော်အစိုးရ၏ သာသနာပြုလုပ်ငန်းဆောင်ရွက်ချက်ပြကွက်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ဆဋ္ဌသင်္ဂါယနာတင်ခြင်းကို သာသနာသက္ကရာဇ် ၂၄၉၈ နှစ် (မြန်မာသက္ကရာဇ် ၁၃၁၆ ခုနှစ်၊ ခရစ်နှစ် ၁၉၅၄ ခုနှစ်) ကဆုန်လပြည့်နေ့တွင် ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ သံဃာဦးရေ ၂၅၀၀ ဖြင့်ဆောင်ရွက်တော်မူခဲ့ပြီး အဘိဓဇမဟာရဋ္ဌဂုရု ညောင်ရမ်းဆရာတော် ဘဒ္ဒန္တ ရေဝတ (သံဃမဟာနာယကဥက္ကဋ္ဌ)၊ အဘိဓဇမဟာရဋ္ဌဂုရု မစိုးရိမ်ဆရာတော် ဘဒ္ဒန္တ သူရိယ (ဘာရနိတ္ထာရက ဝန်ဆောင်သံဃအဖွဲ့ ဥက္ကဋ္ဌ)၊ အဂ္ဂမဟာပဏ္ဍိတ ဗားကရာဆရာတော် ဘဒ္ဒန္တ နာဂဝံသ (အကျိုးတော်ဆောင်ဆရာတော်)၊ အဂ္ဂမဟာပဏ္ဍိတ ဝိဇ္ဇာလင်္ကာရဆရာတော် ဘဒ္ဒန္တ ဝိသုဒ္ဓ (အကျိုးတော်ဆောင်ဆရာတော်)၊ အဂ္ဂမဟာပဏ္ဍိတဂါရိက မဟာစည်ဆရာတော် ဘဒ္ဒန္တသောဘဏ(ပုစ္ဆက-အမေးဆရာတော်)၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ(ဝိသဇ္ဇက-အဖြေဆရာတော်) အဖြစ် ဆောင်ရွက်တော်မူခဲ့ကြောင်း သိရသည်။
