သတိုး
၂၀.၄.၂၀၂၆
အမေရိကန်ပြည်ထောင်စုတောင်ပိုင်း၊ လူဝီစီယားနားပြည်နယ်၊ ရှရိဗ်ပို့တ် (Shreveport) မြို့တွင် ၎င်း၏ရင်သွေး ခုနစ်ဦးအပါအဝင် ကလေးငယ်ရှစ်ဦးကို ဧပြီ ၁၉ ရက်က ပစ်ခတ်သတ်ဖြတ်ခဲ့သည့် သေနတ်သမားမှာ အသက် ၃၁ နှစ်အရွယ် အမေရိကန် စစ်မှုထမ်းဟောင်း ရှာမာ အဲလ်ကင်းစ် (Shamar Elkins) ဖြစ်ကြောင်း အာဏာပိုင်များက အတည်ပြုလိုက်သည်။
အဲလ်ကင်းစ်သည် လူသတ်ပွဲမကျူးလွန်မီ နာရီပိုင်းအလိုတွင် သမီးဖြစ်သူနှင့်အတူ ရိုက်ထားသည့် ဓာတ်ပုံကို လူမှုကွန်ရက်၌ တင်ခဲ့သေးသည်။
◾ ဖြစ်စဉ်အကျဉ်း
တနင်္ဂနွေနေ့ နံနက် ၆ နာရီခန့်တွင် အဲလ်ကင်းစ်သည် ရှရိဗ်ပို့တ်မြို့ရှိ နေရာသုံးခု၌ ပစ်ခတ်မှုများ စတင်ခဲ့သည်။ အာဏာပိုင်များ၏ ပြောကြားချက်အရ သေဆုံးသူကလေးငယ်များသည် အသက်သုံးနှစ်မှ ၁၁ နှစ်အတွင်းသာရှိပြီး သတင်းစာရှင်းလင်းပွဲတွင် ကလေးငယ်များ၏ အသက်အရွယ်ကို ဖတ်ကြားစဉ် တက်ရောက်လာသူများမှာ အံ့အားသင့်ထိတ်လန့်ခဲ့ကြသည်။
သေဆုံးသွားသည့် ကလေးငယ် ၈ ဦးမှာ ဂျေလာ (၃ နှစ်)၊ ရှေလာ (၅ နှစ်)၊ ကေလာ (၆ နှစ်)၊ လေလာ (၇ နှစ်)၊ မာကေဒန် (၁၀ နှစ်)၊ ဆာရီယာ (၁၁ နှစ်)၊ ကီဒါရီယွန် (၆ နှစ်) နှင့် ဘရေးလွန် (၅ နှစ်)တို့ဖြစ်ကြောင်း သိရသည်။ ၎င်းတို့အနက် ၇ ဦးမှာ မောင်နှမအရင်းများဖြစ်ပြီး ကျန်တစ်ဦးမှာ ၎င်းတို့၏ ဝမ်းကွဲတော်စပ်သူဖြစ်သည်။
◾ ကျူးလွန်သူ၏ အခြေအနေ
အဲလ်ကင်းစ်သည် ကလေးငယ်များကို သတ်ဖြတ်ရုံသာမက ၎င်း၏ ဇနီးဖြစ်သူနှင့် အခြား ကလေးငယ် ၃ ဦး၏ မိခင်ဖြစ်သူတို့ကိုလည်း ဦးခေါင်းကို ပစ်ခတ်ခဲ့ရာ လက်ရှိတွင် ၎င်းတို့နှစ်ဦးစလုံး စိုးရိမ်ရသည့် အခြေအနေဖြင့် ဆေးရုံတင်ထားရသည်။
ပစ်ခတ်မှုအပြီးတွင် အဲလ်ကင်းစ်သည် အိမ်နီးချင်း ဘိုစီယာမြို့ (Bossier City) သို့ ကားဖြင့် မောင်းနှင်ထွက်ပြေးခဲ့သော်လည်း ရဲတပ်ဖွဲ့၏ လိုက်လံပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သည်။
◾ လူမှုကွန်ရက်ပေါ်မှ နောက်ဆုံးအခြေအနေများ
အဲလ်ကင်းစ်သည် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမတိုင်မီ စနေနေ့က ၎င်း၏ အကြီးဆုံးသမီးနှင့်အတူ ဘာဂါစားနေသည့် ဓာတ်ပုံကို တင်ခဲ့ပြီး “သမီးကြီးနဲ့ နှစ်ယောက်ထဲ ဒိတ်လုပ်နေတာ” ဟု ရေးသားခဲ့သည်။ လွန်ခဲ့သော နှစ်ပတ်ခန့်ကလည်း အီစတာပွဲတော်တွင် ကလေးငယ် ခုနစ်ဦးစလုံးကို ဘုရားကျောင်းသို့ ပထမဆုံးအကြိမ် ခေါ်သွားနိုင်ခဲ့သည့်အတွက် “ကောင်းချီးပေးခံရသောနေ့” ဟု ဖော်ပြခဲ့ဖူးသည်။
သို့သော် ဧပြီလ ၉ ရက်နေ့က တင်ခဲ့သော ပို့စ်တစ်ခုတွင်မူ ၎င်း၏ စိတ်ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍ အရိပ်အမြွက် ရေးသားခဲ့သည်။ “အရှင်ထာဝရဘုရား၊ ကျွန်ုပ်၏ စိတ်နှလုံးနှင့် ခံစားချက်များကို စောင့်ရှောက်ပေးပါ။ စိတ်ဓာတ်ကျခြင်း၊ ဒေါသထွက်ခြင်း၊ စိုးရိမ်ပူပန်ခြင်း သို့မဟုတ် ထိတ်လန့်တုန်လှုပ်ခြင်းများ ဖြစ်လာပါက ၎င်းတို့ကို တွန်းလှန်နိုင်စွမ်းပေးပါ” ဟု ဆုတောင်းစာသားများ ရေးသားခဲ့သည်။
◾ တရားခံ၏ နောက်ကြောင်းရာဇဝင်နှင့် အာဏာပိုင်များ၏ တုံ့ပြန်မှု
အဲလ်ကင်းစ်သည် ၂၀၁၆ ခုနှစ်ကစ အမေရိကန်ကြည်းတပ်တွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ သို့သော် ၂၀၁၉ ခုနှစ်တွင် ကျောင်းပိုင်နက်အတွင်း လက်နက်ကိုင်ဆောင်မှု၊ တရားမဝင် လက်နက်အသုံးပြုမှုတို့ဖြင့် ဖမ်းဆီးခံခဲ့ရဖူးပြီး ထောင်ဒဏ် ၁၈ လ ဆိုင်းငံ့ပြစ်ဒဏ် (Probation) ချမှတ်ခံခဲ့ရဖူးသည်။
လူဝီစီယားနားပြည်နယ် အုပ်ချုပ်ရေးမှူး ဂျက်ဖ် လန်းဒရီက ယခုဖြစ်ရပ်အတွက် အလွန်ပင် နှလုံးကြေကွဲရကြောင်းနှင့် နစ်နာသူများအတွက် ဆုတောင်းပေးနေကြောင်း ပြောကြားခဲ့သည်။
ရှရိဗ်ပို့တ်မြို့ဖွားဖြစ်သူ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ခ်ဂျွန်ဆင်ကလည်း “အပြစ်မဲ့ ကလေးငယ် ၈ ဦး သတ်ဖြတ်ခံရမှုဟာ ကြေကွဲစရာ ကောင်းလှပါတယ်။ ကျွန်ုပ်တို့ရဲ့ လူ့အဖွဲ့အစည်းအတွက် အလွန်ခက်ခဲတဲ့ အချိန်ပါပဲ” ဟု ဝမ်းနည်းစကား ဆိုခဲ့သည်။
လက်ရှိတွင် အဆိုပါအမှုကို လူဝီစီယားနားပြည်နယ် ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်းစစ်ဆေးလျက်ရှိသည်။
Ref: New York Post
