








နေမိုး
၁၈. ၄. ၂၀၂၆
KNU/KNLA နှင့် PDF တပ်ရင်း ၂၀ ခန့်ပေါင်းစုကာ ဝိုင်း၍တိုက်သည့် ပဲခူးတိုင်း၊ ရွှေကျင်မြို့မှ လက်ယက်စခန်းကုန်းတိုက်ပွဲအတွင်း ရန်ကုန်တိုင်းစစ်ဌာန PDF ၅၁၀၂ တပ်ရင်းတစ်ခုတည်းမှ PDF ငါးဦးသေသွားသည်ဟု ရန်ကုန်တိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ အမှတ် (၅၁၀၁) တပ်ရင်း၊ 96 Soldiers က ယနေ့ ဝန်ခံလိုက်သည်။
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အတွင်းရှိ လူအင်အားနည်းပါးသည့် လက်ယက်စခန်းကုန်း(ပွိုင့် ၁၂၈ စခန်း)အား PDF အဖွဲ့ ၂၀ ခန့်က ဧပြီလ (၄) ရက်နေ့တွင် စတင်တိုက်ခိုက်ရာ ရန်ကုန်တိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ အမှတ် (၅၁၀၁) တပ်ရင်း၊ အမှတ် (၅၁၀၂) တပ်ရင်းနှင့် အမှတ် (၅၁၀၃) တပ်ရင်းတို့ပါဝင်ခဲ့ပြီး အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၆) ကွပ်ကဲမှုအောက်ရှိ တပ်ရင်းများ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF၊ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ ပဲခူးတိုင်းပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ SOG ဒရုန်းတပ်ဖွဲ့နှင့် KNLA တပ်ရင်း (၇)၊ တပ်ခွဲ (၁) တို့ ပါဝင်ခဲ့သည်။
ထိုတိုက်ပွဲများအတွင်း ရန်ကုန်တိုင်းစစ်ဌာန၊ ရန်ကုန် ၅၁၀၂ တပ်ရင်း၊ တပ်ခွဲ (၁)တွင် ချေမှုန်းရေးတာဝန်ထမ်းဆောင်နေသော ရဲဘော်ဝေဠု ကိုယ်ပိုင်အမှတ် (P25102016) ၊ တပ်ရင်းတပ်ထောက်ဌာနတွင် တပ်ထောက်တာဝန်ထမ်းဆောင်နေသော ရဲဘော်ဖိုးသား ကိုယ်ပိုင်နံပါတ်(P25102028)၊ တပ်ခွဲ (၂) တွင် ချေမှုန်းရေးတာဝန်ထမ်းဆောင်နေသော ရဲဘော် အဖိုးကြီး ကိုယ်ပိုင်နံပါတ် (P25102144)၊တပ်ခွဲ ( ၂) တွင် ချေမှုန်းရေး တာဝန်ထမ်းဆောင် နေသော ရဲဘော်တာတေကြီး ကိုယ်ပိုင်နံပါတ်( P25102029)နှင့်တပ်ခွဲ(၂)တွင် ချေမှုန်းရေး တာဝန်ထမ်းဆောင်နေသော ရဲဘော်ဆန်းကြီး ကိုယ်ပိုင်နံပါတ်(P25102004) တို့ ဧပြီ ၁၂ ရက်တွင် သေဆုံးကုန်သည်ကို တပ်ရင်း ၅၁၀၁ က ယနေ့ ဧပြီ ၁၈ ရက်တွင်မှ ဝမ်းနည်းကြောင်း ဝန်ခံကြေညာလာခြင်းဖြစ်သည်။
သို့သော် KNU/KNLA နှင့် အခြား PDF တပ်ရင်း ၂၀ ခန့်ကမူ လက်ယက်စခန်းကုန်းတိုက်ပွဲအတွင်း PDF များ မည်မျှသေဆုံးရသည်ကို ဝန်ခံလာခြင်းမရှိသေးဘဲ ယခင်ကအတိုင်း ဖုံးဖိ ဖျောက်ဖျက်ထားဆဲဖြစ်သည်။
