



၁၈. ၄. ၂၀၂၆
Written by Nay Young
မြန်မာနှစ်ဆန်းတစ်ရက်နေ့ (ဧပြီ ၁၇ ရက်)က ရန်ကုန်မြို့၊ အင်းစိန်ဗဟိုအကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ အကျဉ်းသား အမျိုးသား ၅၀၄ ဦး၊ အမျိုးသမီး ၂၆၁ ဦး စုစုပေါင်း ၇၆၅ ဦး ပြန်လွတ်ခဲ့ကြောင်း အကျဉ်းသားလွတ်မြောက်မှုစာရင်းများအရ သိရသည်။
အဆိုပါ အင်းစိန်ဗဟိုအကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရအကျဉ်းသားများထဲတွင် နိုင်ငံခြားသားအကျဉ်းသား ၉ ဦး၊ ဘင်္ဂါလီအကျဉ်းသား ၇ ဦးပါဝင်ခဲ့ပြီး ပြန်လွတ်ခဲ့ကြောင်း သိရသည်။
မြန်မနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့် နိုင်ငံတော်သမ္မတက အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူ ၄,၃၃၅ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား/သူ ၁၇၉ ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်ကြောင်း ဧပြီ ၁၇ ရက် နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
ထိုသို့ သတင်းထုတ်ပြန်ပြီးနောက် အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာမည့်သူများကို လာရောက်ကြိုဆိုသည့် မိသားစုဝင်များ၊ သူငယ်ချင်းများ နံနက် ၈ နာရီခန့်တွင် စတင်ရောက်ရှိ စောင့်ဆိုင်းခဲ့ကြပြီး နံနက် ၁၀ နာရီ၊ ၂၀ မိနစ်တွင် အင်းစိန်ဗဟိုအကျဉ်းထောင်က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ အကျဉ်းသားများကို စတင်လွှတ်ပေးခဲ့သည်။
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ အကျဉ်းသားများထဲတွင် ပြစ်မှုပုဒ်မမျိုးစုံဖြင့် ကျခံခဲ့ရသူများပါဝင်ပြီး ၎င်းတို့ကို မီနီဘတ်စ်နှင့် YBS ယာဉ်များဖြင့် သယ်ဆောင်လာကာ အင်းစိန်းကုန်းကျော်တံတားအနီးတွင် အကျဉ်းသားများလိုရာကို ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အင်းစိန်ဗဟိုအကျဉ်းထောင်မှ လွတ်မြောက်လာသူများထဲတွင် လူသိများသည့် မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီလည်း ပါဝင်ခဲ့ကြောင်း သိရသည်။
