
၁၇. ၄. ၂၀၂၆
Translated by Thettant
မဲမသမာမှုများ၊ အဂတိလိုက်စားမှုများဖြင့် ထောင်ဒဏ် ၂၇ နှစ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ ပြစ်ဒဏ်ကို နိုင်ငံတော်သမ္မတသစ် ဦးမင်းအောင်လှိုင်က လျှော့ပေါ့ပေးလိုက်ကြောင်း ၎င်း၏ရှေ့နေက Reuters သတင်းဌာနသို့ ယနေ့ ဧပြီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
အသက် ၈၀ အရွယ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် ဆူပူအောင်လှုံ့ဆော်မှု၊ အဂတိလိုက်စားမှုမှသည် ရွေးကောက်ပွဲမသမာမှုနှင့် နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ချိုးဖောက်မှုအထိ ပြစ်မှုပေါင်းများစွာအတွက် ထောင်ဒဏ် ၂၇ နှစ် ကျခံနေရခြင်းဖြစ်သည်။
ယနေ့တွင် ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လျှော့ပေါ့ပေးခဲ့ခြင်းဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကျန်ရှိနေသည့် ပြစ်ဒဏ်များကို နေအိမ်အကျယ်ချုပ်ဖြင့် ဆက်လက်ကျခံခွင့် ရ၊ မရ ဆိုသည်မှာမူ ရှင်းလင်းစွာမသိရသေးကြောင်း ရှေ့နေဖြစ်သူက ပြောသည်။
ယခု ပြန်လည်လွတ်မြောက်လာသူများထဲတွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်ကာလအတွင်း သမ္မတအဖြစ် တာဝန်ယူခဲ့သော်လည်း အဂတိလိုက်စားမှု လေးမှု၊ ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) တို့ဖြင့် ထောင်ကျနေသော ဦးဝင်းမြင့်လည်း ပါဝင်ပြီး ယင်းသည် ပြစ်မှုဆက်လက်ကျူးလွန်ပါက လက်ကျန်ပြစ်ဒဏ်ကျခံပါမည်ဟူသော ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ပြန်လည် လွတ်မြောက်လာခြင်းဖြစ်သည်။
Ref: CNA
