◾ တီဟီရန်၏ ကြေညာချက်ကို ထရမ့်ပ်က ကြိုဆိုလိုက်ပြီး လက်ဘနွန်ကို ဗုံးကြဲနေခြင်းအား ရပ်တန့်ရန် အစ္စရေးကို သတိပေး

သက်တန့်
၁၈. ၄. ၂၀၂၆
အီရန်နိုင်ငံသည် သောကြာနေ့ (ဧပြီ ၁၇ ရက်) တွင် ဟော်မုဇ်ရေလက်ကြားကို ကုန်သွယ်ရေကြောင်းသွားလာမှုအတွက် အလုံးစုံ ဖွင့်လှစ်လိုက်ပြီဟု ကြေညာခဲ့သလို တစ်ချိန်တည်းမှာပင် လက်ဘနွန်နှင့် အစ္စရေးတို့ အပစ်အခတ်ရပ်စဲရေး စတင်သက်ရောက်လာခဲ့ရာ အမေရိကန်-အီရန် ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် အဓိကအတားအဆီးနှစ်ခု ပြေလည်သွားပြီဟူသော မျှော်လင့်ချက်များ ထွက်ပေါ်လာခဲ့သည်။
အမေရိကန်သင်္ဘောများအပါအဝင် ကုန်တင်သင်္ဘောအားလုံးသည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာနိုင်ပြီဖြစ်သော်လည်း ၎င်းတို့၏ ခရီးစဉ်များကို အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်ကြောင်း အီရန်အဆင့်မြင့်အရာရှိတစ်ဦးက Reuters သို့ ပြောကြားခဲ့သည်။ ထို့ပြင် အီရန်၏ ထိန်းချုပ်ခံထားရသော ရန်ပုံငွေများကို ပြန်လည်လွှတ်ပေးခြင်းသည်လည်း ဟော်မုဇ်ရေလက်ကြားဆိုင်ရာ သဘောတူညီချက်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ရေကြောင်းဖြတ်သန်းမှုများကိုမူ အီရန်က ဘေးကင်းသည်ဟု သတ်မှတ်ထားသော လမ်းကြောင်းများတွင်သာ ကန့်သတ်ထားမည်ဖြစ်ပြီး စစ်ဘက်ဆိုင်ရာ သင်္ဘောများကိုမူ ရေလက်ကြားအား ဖြတ်သန်းခွင့် ဆက်လက်ပိတ်ပင်ထားကြောင်း အဆိုပါအရာရှိက ဆိုသည်။
”လက်ဘနွန်က အပစ်အခတ်ရပ်စဲရေးနဲ့အညီ ဟော်မုဇ်ရေလက်ကြားကနေ ကုန်သွယ်ရေးသင်္ဘောအားလုံး ဖြတ်သန်းသွားလာမှုကို အပစ်အခတ်ရပ်စဲရေးကာလအတွင်းမှာ လုံးဝဖွင့်လှစ်ကြောင်း ကြေညာပါတယ်” ဟု အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ဂ်ချီ (Abbas Araghchi) က ပြောကြားခဲ့သည်။
သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က အီရန်၏ ကြေညာချက်ကို ချက်ချင်းကြိုဆိုခဲ့ပြီး ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် “ကျေးဇူးတင်ပါတယ်!” ဟု ရေးသားခဲ့သည်။ သို့သော် အီရန်ဆိပ်ကမ်းများအပေါ် အမေရိကန်၏ ရေကြောင်းပိတ်ဆို့ထားမှုမှာ ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်းလည်း သတိပေးခဲ့သည်။
”အီရန်ဟာ ဟော်မုဇ်ရေလက်ကြားကို ဘယ်တော့မှ ထပ်မပိတ်တော့ဖို့ သဘောတူလိုက်ပြီ။ ဒါကို ကမ္ဘာကြီးအပေါ် လက်နက်တစ်ခုအနေနဲ့ နောက်ထပ်အသုံးပြုတော့မှာ မဟုတ်ဘူး” ဟု ထရမ့်ပ်က Truth Social ကွန်ရက်တွင် ရေးသားခဲ့သည်။
ထို့ပြင် အီရန်သည် အမေရိကန်၏ အကူအညီဖြင့် ဟော်မုဇ်ရေလက်ကြားရှိ ရေမိုင်းများကို ဖယ်ရှားနေပြီဖြစ်ကြောင်းလည်း ထရမ့်ပ်က ပြောကြားခဲ့သည်။
”ကျွန်ုပ်တို့ရဲ့ အီရန်နဲ့ လုပ်ဆောင်နေတဲ့ သဘောတူညီချက် ၁၀၀ ရာခိုင်နှုန်း မပြီးမချင်း အီရန်နဲ့ပတ်သက်တဲ့ ရေကြောင်းပိတ်ဆို့မှုဟာ အပြည့်အဝ ဆက်လက်တည်ရှိနေမှာပါ” ဟု ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေသော သံတမန်ရေးရာ ကြိုးပမ်းမှုများကို ရည်ညွှန်း၍ ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
◾ ရေနံဈေးနှုန်းများ ထိုးဆင်းသွားခြင်း
ဤသတင်းကြောင့် သောကြာနေ့တွင် ရေနံဈေးနှုန်းများ ၁၀ ရာခိုင်နှုန်းကျော် ထိုးဆင်းသွားခဲ့ပြီး နိုင်ငံတကာစံနှုန်းဖြစ်သော Brent နှင့် အမေရိကန်စံနှုန်းဖြစ်သော WTI ရေနံဈေးနှုန်းနှစ်ခုလုံးမှာ တစ်စည်လျှင် ဒေါ်လာ ၉၀ အောက်သို့ ကျဆင်းသွားခဲ့သည်။
ဝေါစထရိ (Wall Street) ၏ အဓိကစတော့အညွှန်းကိန်းများမှာလည်း ဈေးကွက်ဖွင့်ချိန်တွင် မြင့်တက်လာခဲ့ပြီး S&P 500 နှင့် Nasdaq Composite တို့၏ စတော့စျေးကွက်ကြီးနှစ်ခုမှာ ယခင်ညက စံချိန်တင်ခဲ့သော အမြင့်ဆုံးနှုန်းများထက်ပင် ပိုမိုမြင့်တက်လာခဲ့သည်။
အမေရိကန်နှင့် အီရန် နှစ်နိုင်ငံလုံးက ငြိမ်းချမ်းရေးဆွေးနွေးပွဲ အသစ်များကို ယခုသီတင်းပတ်ကုန်တွင် စတင်နိုင်ခြေရှိကြောင်း အရိပ်အမြွက် ပြောကြားထားသော်လည်း တရားဝင်အတည်ပြုချက်မူ မရရှိသေးပေ။
တစ်ဖက်တွင်လည်း အစ္စရေးစစ်တပ်က စစ်ပွဲကာလ ကန့်သတ်ချက်များကို ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း၊ အရပ်သားများ သွားလာမှုနှင့် စီးပွားရေးလုပ်ငန်းများ ပုံမှန်အတိုင်း ပြန်လည်ပတ်နိုင်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ရာဟုကမူ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့အပေါ် ဆင်နွှဲနေသော စစ်ဆင်ရေးမှာ မပြီးဆုံးသေးကြောင်း သတိပေးခဲ့သည်။
”ကျွန်တော်တို့ အလုပ် မပြီးသေးဘူး။ ကျန်ရှိနေတဲ့ ဒုံးကျည်ခြိမ်းခြောက်မှုနဲ့ ဒရုန်းခြိမ်းခြောက်မှုတွေကို ဖြေရှင်းဖို့ စီစဉ်ထားတာတွေ ရှိပါသေးတယ်” ဟု နေတန်ရာဟုက ပြောကြားခဲ့သည်။
သို့သော် ထရမ့်ပ်က ဤအယူအဆကို ငြင်းပယ်ခဲ့ပြီး အမေရိကန်အနေဖြင့် ဟစ်ဇ်ဘိုလာကိစ္စကို ဖြေရှင်းရန် လက်ဘနွန်နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့သည်။
”အစ္စရေးအနေနဲ့ လက်ဘနွန်ကို နောက်ထပ် ဗုံးကြဲမှာ မဟုတ်တော့ဘူး။ ဒါကို အမေရိကန်က တားမြစ်ထားပါတယ်။ တော်လောက်ပြီ ” ဟု ထရမ့်က အခြား လူမှုကွန်ရက်ပို့စ်တစ်ခုတွင် ရေးသားခဲ့သည်။
◾ သဘောတူညီချက် ရရှိရန် အလွန်နီးစပ်နေပြီလား ?
လက်ဘနွန်တွင် အပစ်အခတ်ရပ်စဲခြင်းနှင့် ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ခြင်းတို့သည် ဝါရှင်တန်အနေဖြင့် အီရန်နှင့်စစ်ပွဲကို အဆုံးသတ်ရန် ကြိုးပမ်းမှုတွင် အရေးပါသော ခြေလှမ်းတစ်ခု ဖြစ်သည်။ အီရန်ဘက်ကမူ လက်ဘနွန်တိုက်ပွဲများ ရပ်တန့်ခြင်းသည် မည်သည့်သဘောတူညီချက်တွင်မဆို ပါဝင်ရမည်ဟု အခိုင်အမာ တောင်းဆိုထားခဲ့ခြင်းဖြစ်သည်။
ပါကစ္စတန်နိုင်ငံသည် တီဟီရန်နှင့် ဝါရှင်တန်အကြား ထိပ်သီးဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရန် သံတမန်ရေးရာအရ ဦးဆောင်ကြိုးပမ်းပေးနေပြီး၊ သဘောတူညီချက်ရရှိရန် “အလွန်နီးစပ်” နေပြီဟု ထရမ့်က ပြောကြားခဲ့သည်။
အီရန်၏ အဓိကခေါင်းဆောင် အလီခါမေနီ (Ali Khamenei) အသတ်ခံရမှုကို လက်စားချေသည့်အနေဖြင့် မတ်လ ၂ ရက်နေ့တွင် ဟစ်ဇ်ဘိုလာက အစ္စရေးကို ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ရာမှ လက်ဘနွန်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
Ref: Bangkok Post
