၁၇. ၄. ၂၀၂၆
Translated by Thettant
BBC သည် ၁၅ နှစ်တာအတွင်း အစိုးရပိုင် ရုပ်သံဌာန၏ အကြီးမားဆုံးသော လုပ်ငန်းအတိုင်းအတာ လျှော့ချမှုအဖြစ် အလုပ်အကိုင်ပေါင်း ၂,၀၀၀ ခန့်အထိ ဖြတ်တောက်တော့မည်ဖြစ်သည်။
ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သော ဝန်ထမ်းအားလုံး အစည်းအဝေးတွင် BBC ၏ စုစုပေါင်းဝန်ထမ်း ၂၁,၅၀၀ ၏ ၁၀ ရာခိုင်နှုန်းခန့်ကို ထိခိုက်စေမည့် အဆိုပါ အလုပ်အကိုင်ဖြတ်တောက်မှုများအကြောင်းကို ဝန်ထမ်းများထံ အသိပေးခဲ့သည်။
၂၀၁၁ ခုနှစ်နောက်ပိုင်း BBC တွင် အကြီးမားဆုံးသော ဤအလုပ်ထုတ်ပယ်မှု အစီအစဉ်သည် Google ၏ အမှုဆောင်ဟောင်း Matt Brittin က ရှေ့လတွင် ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်မယူမီ စတင်အကောင်အထည်ဖော်ခြင်း ဖြစ်သည်။
BBC ကော်ပိုရေးရှင်းကြီးသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလက ပေါင်သန်း ၆၀၀ ခန့် ကုန်ကျစရိတ်လျှော့ချမည့် အစီအစဉ်ကို ကြေညာခဲ့ပြီး ယင်းတွင် ဝန်ထမ်းအင်အား လျှော့ချခြင်းနှင့် အချို့သော အစီအစဉ်များ ရပ်ဆိုင်းခြင်းတို့ ပါဝင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရာထူးမှ နုတ်ထွက်တော့မည့် ညွှန်ကြားရေးမှူးချုပ် Tim Davie က ထိုစဉ်က ပြောကြားခဲ့ရာတွင် BBC အနေဖြင့် လာမည့် ၃ နှစ်အတွင်း ၎င်းတို့၏ နှစ်စဉ်အသုံးစရိတ် (Annual Cost Base) ပေါင် ၆ ဘီလျံ၏ ၁၀ ရာခိုင်နှုန်းကို လျှော့ချရန် လိုအပ်ကြောင်း ဆိုခဲ့သည်။
Davie သည် ဒေါ်နယ်ဒ် ထရမ့်ပ်၊ ဂါဇာနှင့် ထရန့်စ်ဂျန်ဒါ(လိင်ပြောင်းလဲထားသူများ) ရပိုင်ခွင့်များဆိုင်ရာ သတင်းဖော်ပြမှုများနှင့် ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်ပွားပြီးနောက် နိုဝင်ဘာလတွင် ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့ကာ ဧပြီလ ၂ ရက်နေ့တွင် BBC မှ ထွက်ခွာခဲ့သည်။
Financial Times က ဦးစွာသတင်းဖော်ပြခဲ့သည့် ဤဝန်ထမ်းအားလုံး အစည်းအဝေးကို BBC ၏ ယာယီညွှန်ကြားရေးမှူးချုပ် Rhodri Talfan Davies က ဦးဆောင်ခဲ့ခြင်းဖြစ်သည်။ Davies သည် Brittin မေလ ၁၈ ရက်တွင် ရောက်ရှိလာသည့်တိုင်အောင် လုပ်ငန်းစုကို ဆက်လက် ဦးဆောင်သွားမည်ဖြစ်သည်။
အစည်းအဝေးအပြီးတွင် Talfan Davies က ဝန်ထမ်းများထံ ပေးပို့သော အီးမေးလ်တွင် “သင်တို့ သိထားတဲ့အတိုင်း BBC ဟာ သိသာထင်ရှားတဲ့ ဘဏ္ဍာရေး ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီး အဲဒါကို အမြန်ဆုံး တုံ့ပြန်ဖို့ လိုအပ်ပါတယ်” ဟု ရေးသားခဲ့သည်။
”ရှင်းရှင်းပြောရရင် ကျွန်တော်တို့ရဲ့ အသုံးစရိတ်နဲ့ ဝင်ငွေကြားက ကွာဟချက်ဟာ ကြီးမားလာနေပါတယ်။ ဒါဟာ အချက်အလက်အတော်များများကြောင့် ဖြစ်တာပါ။ ထုတ်လုပ်မှုစရိတ်တွေက အရမ်းမြင့်နေဆဲဖြစ်တာ၊ လိုင်စင်ကြေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝင်ငွေတွေက ဖိအားအောက် ရောက်နေတာနဲ့ ကမ္ဘာ့စီးပွားရေးက မတည်မငြိမ် ဖြစ်နေတာတွေကြောင့်ပါ။ ဒါကို ဖြေရှင်းဖို့အတွက် လာမယ့် ၂ နှစ်အတွင်း BBC ရဲ့ စုစုပေါင်း နှစ်စဉ်လုပ်ငန်းလည်ပတ်စရိတ် (Annual operating costs) ပေါင် ၅ ဘီလျံထဲကနေ နောက်ထပ် ပေါင်သန်း ၅၀၀ ကို ချွေတာဖို့ လိုအပ်ပါတယ်။ အဲဒီ ချွေတာမှု အများစုကို ၂၀၂၇-၂၈ ခုနှစ်မှာ ပြုလုပ်ရမှာပါ။ ရှောင်လွှဲလို့မရတာကတော့ ဒီအစီအစဉ်တွေကြောင့် BBC ရဲ့ အလုပ်အကိုင် အရေအတွက် လျော့နည်းသွားမှာ ဖြစ်ပါတယ်။ အသေးစိတ်ကို ဆက်လက် လုပ်ဆောင်နေရဆဲ ဖြစ်ပေမဲ့ စုစုပေါင်း အလုပ်အကိုင် ၁,၈၀၀ ကနေ ၂,၀၀၀ ကြား လျော့ကျသွားမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါဟာ မရေမရာဖြစ်မှုတွေကို ဖြစ်စေတယ်ဆိုတာကို ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုကို ပွင့်ပွင့်လင်းလင်း ရှိစေချင်တာပါ”ဟု သူမက ဆိုသည်။
Talfan Davies က ဆက်လက်ပြောကြားရာတွင် ဘဏ္ဍာရေး အခြေအနေ ကောင်းမွန်လာစေရန် ကြိုးပမ်းသည့် အနေဖြင့် ရေတိုတွင် “လုပ်ငန်းစုတစ်ခုလုံးဆိုင်ရာ အပိုဆောင်း ကုန်ကျစရိတ် ထိန်းချုပ်မှုများ” ကို ချက်ချင်း စတင်ဆောင်ရွက်သွားမည်ဟု ဆိုသည်။
”ကောင်းမွန်တဲ့ လုပ်ထုံးလုပ်နည်းတွေ ရှိနှင့်ပြီးသား ဖြစ်ပေမဲ့ ကျွန်တော်တို့ ဒါထက်ပိုပြီး ဝန်ထမ်းသစ် ခန့်အပ်မှုနဲ့ ခရီးသွားလာမှုတွေအပေါ် ပိုမိုတင်းကျပ်တဲ့ ထိန်းချုပ်မှုတွေ လုပ်ဖို့ လိုအပ်ပါတယ်၊ စီမံခန့်ခွဲမှု အကြံပေးလုပ်ငန်းတွေအတွက် သုံးစွဲမှုကို ဖြတ်တောက်ပြီး ညီလာခံတွေ၊ ဆုပေးပွဲတွေနဲ့ အခမ်းအနားတွေ တက်ရောက်မှုကို လျှော့ချရပါမယ်” ဟု ၎င်းက ဆိုသည်။
BBC ၏ ဌာနခွဲအသီးသီးသည် ယခုအခါ “မည်သည့်နေရာများတွင် အလုပ်များ ထပ်နေသနည်း” နှင့် “မည်သည့် လုပ်ဆောင်ချက်များကို ရပ်တန့်နိုင်သနည်း” ဆိုသည်ကို ရှာဖွေနေကြပြီ ဖြစ်သည်။ ၂၀၂၇-၂၈ ဘဏ္ဍာရေးနှစ်အတွက် ဌာနတစ်ခုချင်းစီ၏ အသုံးစရိတ် အစီအစဉ်များကို စက်တင်ဘာလတွင် ဝန်ထမ်းများထံ မျှဝေသွားမည်ဖြစ်သည်။
BBC သည် လာမည့်နှစ်ကုန်တွင် သက်တမ်းကုန်ဆုံးမည့် လိုင်စင်ကြေး ရန်ပုံငွေဆိုင်ရာ ယန္တရား အပါအဝင် ၎င်း၏ တော်ဝင်ပဋိညာဉ် (Royal Charter) သက်တမ်းတိုးရန် အစိုးရနှင့် ညှိနှိုင်းနေချိန်လည်း ဖြစ်သည်။
Bectu သမဂ္ဂ၏ အကြီးအကဲ Philippa Childs က ပြောကြားရာတွင် “ဒီလောက်အထိ ကြီးမားတဲ့ ဖြတ်တောက်မှုတွေဟာ ဝန်ထမ်းတွေအတွက်ရော BBC တစ်ခုလုံးအတွက်ပါ ပျက်စီးဆုံးရှုံးမှု ဖြစ်စေပါလိမ့်မယ်” ဟု ဆိုသည်။
”BBC ဝန်ထမ်းတွေဟာ အရင်က ဝန်ထမ်းလျှော့ချမှုတွေကြောင့် သိသာတဲ့ ဖိအားတွေအောက် ရောက်နေနှင့်ပြီးသားပါ။ အခုလို အတိုင်းအတာနဲ့ ထပ်မံဖြတ်တောက်တာဟာ အများပြည်သူဆိုင်ရာ တာဝန်ဝတ္တရားတွေကို ထမ်းဆောင်နိုင်စွမ်းအပေါ် မလွဲမသွေ ထိခိုက်စေပါလိမ့်မယ်”ဟု ယင်းက ထပ်ဆင့်ပြောသည်။
လိုင်စင်ကြေးကို ဧပြီလ ၁ ရက်နေ့တွင် ငွေကြေးဖောင်းပွမှုနှင့်အညီ တစ်နှစ်လျှင် ၁၇၄ ဒသမ ၅၀ ပေါင်မှ ၁၈၀ ပေါင်သို့ တိုးမြှင့်ခဲ့သည်။ ကော်ပိုရေးရှင်းသည် ပြီးခဲ့သည့်နှစ်က အိမ်ထောင်စု ၂၃ ဒသမ ၈ သန်းထံမှ လိုင်စင်ကြေး ပေါင် ၃ ဒသမ ၈ ဘီလျံရရှိခဲ့ပြီး ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများနှင့် ထောက်ပံ့ကြေးများမှ နောက်ထပ် ပေါင် ၂ ဘီလျံ ရရှိခဲ့သည်။
သို့သော်လည်း လိုင်စင်ကြေး ပေးဆောင်သည့် အိမ်ထောင်စု အရေအတွက်မှာ တစ်နှစ်ထက်တစ်နှစ် ၃၀၀,၀၀၀ ခန့် လျော့ကျသွားခဲ့သည်။ ယင်းမှာ လိုင်စင်ကြေး ရှောင်တိမ်းမှု များပြားလာခြင်းနှင့် Netflix နှင့် Disney ကဲ့သို့သော ပြိုင်ဘက် ဒစ်ဂျစ်တယ် ပလက်ဖောင်းများကိုသာ ကြည့်ရှုသည့် ပရိသတ် မြင့်တက်လာခြင်းတို့ကြောင့် ဖြစ်သည်။
ဖေဖော်ဝါရီလအတွင်းက Davie က ပြောကြားရာတွင် Streaming ဝန်ဆောင်မှုများ မြင့်တက်လာခြင်းနှင့် YouTube ၏ သက်ရောက်မှုများကြောင့် စိန်ခေါ်မှုများ ရှိနေသော်လည်း BBC သည် “ရပ်တည်နိုင်ဆဲ” ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ်တွင် မီဒီယာထိန်းညှိရေးအဖွဲ့ဖြစ်သော Ofcom က BBC၊ ITV နှင့် Channel 4, 5 တို့မှ ထုတ်လွှင့်သော အများပြည်သူဝန်ဆောင်မှု ရုပ်သံလိုင်းများသည် Streaming ခေတ်တွင် “မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ဖြစ်နေသော မျိုးစိတ်” ကဲ့သို့ ဖြစ်လာနေကြောင်း သတိပေးခဲ့သည်။
ယခုအခါ BBC သည် ၎င်း၏ iPlayer ဝန်ဆောင်မှုကို တိုးချဲ့ရန် ကြိုးပမ်းနေပြီး ဇန်နဝါရီလတွင် YouTube နှင့် အကြောင်းအရာဆိုင်ရာ သဘောတူညီချက်တစ်ခုကိုလည်း ကြေညာခဲ့သည်။
Ref : The Guardian
