
၁၂.၄.၂၀၂၆
Translated by Htwe
ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ္မာဘတ်မြို့မှာ ပြုလုပ်နေတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ အီရန်နိုင်ငံတို့ရဲ့ ဆွေးနွေးပွဲတွေမှာ အီရန်နဲ့ သဘောတူညီချက် တစ်စုံတစ်ရာ မရရှိခဲ့ဘူးလို့ အမေရိကန်ပြည်ထောင်စု ဒုတိယ သမ္မတ ဂျေဒီ ဗန့်စ်က ဧပြီလ ၁၁ ရက် ညနှောင်းပိုင်းမှာ ပြောခဲ့ပါတယ်။
ဂျေဒီဗန့်စ် က အမေရိကန်ညှိနှိုင်းရေးမှူးတွေဟာ သူတို့ရဲ့ နောက်ဆုံးနဲ့ အကောင်းဆုံးကမ်းလှမ်းချက်ကိုပြုလုပ်ခဲ့ပေမယ့် အီရန်အနေနဲ့ နျူကလီးယားလက်နက်ကိုစွန့်လွှတ်ဖို့ ကတိမပြုဘူးလို့ ပြောကြားခဲ့ပြီး အမေရိကန်ရဲ့ စည်းကမ်းချက်တွေကို လက်ခံဖို့လည်း ငြင်းဆိုခဲ့တယ်လို့ ထပ်လောင်းပြောခဲ့ပါတယ်။
သဘောတူညီချက်မရရှိခဲ့တာက အပစ်အခတ်ရပ်စဲရေးကို မရေမရာသံသယဖြစ်စေပြီး ကမ္ဘာလုံးဆိုင်ရာ စွမ်းအင် ထောက်ပံ့မှုတွေ ဆက်လက်လျော့ကျနေစေမှာဖြစ်သလို ဟောမုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ဖြစ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေကို ပေါ်ပေါက်စေခဲ့ပါတယ်။
အီရန်နိုင်ငံပိုင်မီဒီယာ Tasnim ကတော့ အမေရိကန်ပြည်ထောင်စုရဲ့ တောင်းဆိုချက်တွေက ဆွေးနွေးပွဲတွေအတွင်း ဘုံမူဘောင်နဲ့ သဘောတူညီချက်ကို တားဆီးခဲ့တယ် လို့ ဖော်ပြခဲ့ပါတယ်။
ဧပြီလ ၁၂ ရက် အစောပိုင်းအထိ နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့တွေက ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်နေခိုက်မှာပဲ အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က သဘောတူညီချက်တစ်ခု ရရှိလို့လည်း ဘာမှထူးပြီး အရေးမကြီးပါဘူး လို့ အိမ်ဖြူတော်မှာသတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ထရမ့်ပ် က “ကျွန်တော်တို့က ရေလက်ကြားကို ရှင်းလင်းချဲ့ထွင်နေပါတယ်။ သဘောတူညီချက်တစ်ခု ရရှိသည်ဖြစ်စေ မရရှိသည်ဖြစ်စေ ကျွန်တော့်အတွက် ဘာမှ အရေးမကြီးပါဘူး၊ အကြောင်းရင်းကတော့ ကျွန်တော်တို့ စစ်ပွဲအနိုင်ရခဲ့လို့ပါ ” လို့ ဆိုပါတယ်။
သတင်းထောက်တွေကိုပြောကြားရာမှာ ထရမ့်ပ်က တရုတ်အနေနဲ့ အီရန်ကို လက်နက်တွေ တင်ပို့ရင် ကြီးမားတဲ့ပြဿနာတွေ ကြုံတွေ့ရလိမ့်မယ်လို့လည်း သတိပေးခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ အီရန်နိုင်ငံတို့အကြား ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ္မာဘတ်မြို့မှာ ညှိနှိုင်း ဆွေးနွေးမှုတွေ ဧပြီလ ၁၂ ရက်မှာ ဆက်လက်ပြုလုပ်နေကြချိန်မှာပဲ အမေရိကန်စစ်သင်္ဘောနှစ်စီးဟာ ရေမြှုပ်မိုင်းတွေရှင်းလင်းဖို့ ဟော်မုဇ်ရေလက်ကြားကို ဝင်ရောက်ခဲ့တယ်လို့ အမေရိကန်စစ်ဘက် က ပြောခဲ့ပါတယ်။
အီရန်စစ်ပွဲစတင်ဖြစ်ပွားကတည်းက အမေရိကန်စစ်သင်္ဘောတွေအနေနဲ့ ဟောမုဇ်ရေလက်ကြားကို ပထမဆုံး ဖြတ်သန်းမှုလို့လည်းဆိုပါတယ်။
ဒါပေမယ့် အီရန်ရဲ့ Khatam al-Anbiya စစ်တပ်မဗဟိုဌာနချုပ်ကတော့ အမေရိကန်စစ်သင်္ဘောတွေ မိုင်းရှင်းလင်းရေးလုပ်ငန်တွေအတွက် ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းသွားတယ်ဆိုတာ မမှန်ကန် ဘူးလို့ ပယ်ချခဲ့ပါတယ်။
Ref-CNN, DW News
