





၁၂.၄.၂၀၂၆
Written by KL
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာ၊ နမ့်ဖတ်ကာရွာအထွက် ပန်ဂျန်ရော့ပ်ရွာအဆင်းတွင် ယမန်နေ့ ဧပြီလ ၁၁ ရက် နံနက် ၁၀ နာရီခန့်က ခရီးသည်မော်တော်ယာဥ်တစ်စီး ဘရိတ်ပေါက်၍ တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ လူငါးဦးသေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးသွားရောက်လုပ်ဆောင်ခဲ့သည့် မေတ္တာရှင်လူမှုကူညီရေးအသင်းထံမှ သိရသည်။
မန္တလေးမှ မူဆယ်သို့ ခရီးသည် ၁၈ ဦးလိုက်ပါလာသော ခရီးသည်တင်ယာဥ်မှာ မောင်းနှင်လာစဥ် ကုန်းအဆင်း၌ တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး အမျိုးသားတစ်ဦးနှင့် အသက် ၁၇ နှစ်အရွယ် မဖြိုးပြည့်သျှန်၊ အသက် ၁၉ နှစ်အရွယ် မပြည့်ပြည့်အောင်၊ အသက် ၂၄နှစ်အရွယ် မနန့်မိုးသန္တာ၊ အသက် ၃၅နှစ်အရွယ် မသင်းသင်းအေးတို့သေဆုံးခဲ့ကြောင်း သိရသည်။
ထို့အပြင် လိုက်ပါလာသူ ၁၃ ဦးမှာလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရသူများလည်းရှိကြောင်း သိရသည်။
သေဆုံးသူ ၅ ဦးအနက် အမျိုးသားတစ်ဦး၏ရုပ်အလောင်းကို မူဆယ်မြို့သို့ပြန်လည်သယ်ဆောင်သွားခဲ့ပြီး ကျန်ရှိသော အမျိုးသမီးလေးဦး၏ရုပ်အလောင်းကို တာဝန်ရှိသူများ၊ ပြည်သူများနှင့်လူမှုကူညီရေးအသင်းမှ အသင်းဝင်များက နမ့်ဖက်ကာရွာရှိ သုသာန်တွင် မီးသင်္ဂြိုဟ်ပေးခဲဲ့ကြောင်း သိရသည်။
“ကားဆရာတွေ ဘယ်တော့မှ ပန်ဂျရော့ပ်တောင်ကို အထင်မသေးကြပါနဲ့။ မနက်ပိုင်း ၁၁ နာရီအထိ လမ်းက နှင်းစိုနေတုန်းပါ။ ဘရိတ်နင်းလည်းမရဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
