◾️ အတိတ်ကကြုံတွေ့ခဲ့ရသည်များကို သင်ခန်းစာယူပြီး တက်ညီလက်ညီဖြင့် ချို့ယွင်းအားနည်းမှု နည်းနည်းနှင့် ခိုင်မာအားကောင်းသည့် ဒီမိုကရေစီနိုင်ငံတော်ကြီး ဆောင်ရွက်သွားမည်ဟု ပြောကြား

၁၁. ၄. ၂၀၂၆
Written by Nyein Kyaw
အဂတိလိုက်စားမှု ကင်းရှင်းအောင် ဆောင်ရွက်ကြရန်လိုပြီး အစိုးရအဖွဲ့နှင့် နိုင်ငံ့ဝန်ထမ်းများ အပါအဝင် စီးပွားရေးလုပ်ငန်းရှင်များ၊ တိုင်းရင်းသားပြည်သူအားလုံး စိတ်ဓာတ်များ ပြုပြင်ပြောင်းလဲကြိုးစားကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုအစိုးရအဖွဲဝင်များ၊ တိုင်းဒေသကြီးအစိုးရ၊ ပြည်နယ်အစိုးရများမှ ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများအား တွေ့ဆုံမှာကြားသည့် မိန်းခွန်းတွင် တိုက်တွန်းမှာကြားသည်။
“အဂတိလိုက်စားမှု ကင်းရှင်းအောင် ဆောင်ရွက်သွားကြဖို့လိုပါတယ်။ အဂတိလိုက်စားမှုဟာ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို များစွာထိခိုက်စေပြီး လူတစ်ဦးချင်းစီရဲ့ အကျင့်စာရိတ္တနဲ့ စိတ်ဓာတ်ကိုလည်း ပျက်စီးစေတာဖြစ်ပါတယ်။ သူများ မိုးခါးရေသောက်လို့ သောက်ရပါတယ် ဆိုရာကနေ တစ်စတစ်စ အမြစ်တွယ်လာပြီး အကျင့်ပျက်ခြစားမှုတွေ များလာတာမျိုး မဖြစ်အောင် ထိန်းသိမ်းလုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။ အဓိက,ကတော့ ကျွန်တော်တို့ အစိုးရအဖွဲ့နဲ့ နိုင်ငံ့ဝန်ထမ်းများအပါအဝင် စီးပွားရေးလုပ်ငန်းရှင်များ၊ တိုင်းရင်းသားပြည်သူအားလုံး စိတ်ထားမှန်ကန်ကြဖို့နဲ့ စိတ်ကောင်းစေတနာတွေရှိကြဖို့ Mindset တွေကို ပြုပြင်ပြောင်းလဲနိုင်အောင် ကြိုးစားကြပါလို့ တိုက်တွန်းမှာကြား လိုပါတယ်” ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
မိမိတို့အစိုးရအနေဖြင့် ပြည်ထောင်စုလွှတ်တော်ရှေ့မှောက်တွင် ကတိသစ္စာပြုထားကြသည့်အတိုင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိ ရိုသေသွားကြရမည်ဖြစ်ကြောင်း၊ ဒို့တာဝန် အရေးသုံးပါးဖြစ်သည့် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထာဝစဉ် ဦးထိပ်ပန်ဆင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့အတူ မိမိတို့အစိုးရအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူအကျိုးကို အလေးထားပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်သိ လိုက်နာရိုသေကာ လုပ်ငန်းတာဝန်များကို ရိုးသားဖြောင့်မတ်စွာ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းကိုလည်း အလေးအနက်ထား မှာကြားလိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
“ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေကို အခြေခံကောင်းကောင်းနဲ့ ခိုင်မာအားကောင်းအောင် တဖြည်းဖြည်း တည်ဆောက်သွားကြရမှာဖြစ်ပါတယ်။ အတိတ်က ကြုံတွေ့ခဲ့ရတာတွေကို သင်ခန်းစာယူပြီး ချို့ယွင်းအားနည်းမှု နည်းနည်းနဲ့ ခိုင်မာအားကောင်းတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးကို အောင်မြင်အောင် ဆက်လက်တည်ဆောက်သွားနိုင်ဖို့ မိမိတို့အားလုံး တက်ညီလက်ညီ ဆောင်ရွက်သွားကြဖို့ တိုက်တွန်း မှာကြားလိုပါတယ်” ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
