◾ ထိုင်းနိုင်ငံ၏ ယခင်ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကလည်း လာရောက်ဂါရဝပြုတွေ့ဆုံ



၁၀. ၄. ၂၀၂၆
Written by Nyein Kyaw
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H. E. Mr. Kirti Vardhan Singh ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား ယနေ့ မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာနာရန်ဒရာမိုဒီက နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာအား နိုင်ငံတော်သမ္မတထံ အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက လက်ရောက်ပေးအပ်သည်။
ထို့နောက် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲအခမ်းအနားသို့ တက်ရောက်ခွင့်ရရှိခဲ့သည့်အတွက် ဝမ်းမြောက် ဂုဏ်ယူလျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား နယ်နိမိတ်များထိစပ်လျက်ရှိသည့် အိမ်နီးချင်း နိုင်ငံများဖြစ်သည်နှင့်အညီ နှစ်နိုင်ငံအကြား ရှည်လျားခိုင်မာသည့် သံတမန်ဆက်ဆံရေးရှိမှုနှင့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ခိုင်မာလျက်ရှိမှု အခြေအနေများအား ဆွေးနွေးခဲ့သည်။
ထို့ပြင် ကုန်သွယ်ရေးကဏ္ဍတွင် ရူပီးနှင့် ကျပ်ငွေတို့အား တိုက်ရိုက်ပေးချေနိုင်ရေး သဘောတူညီပြီးဖြစ်သဖြင့် ကုန်သွယ်မှုများတိုးတက်အောင် ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများအား အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ဒေသ ကုန်သွယ်မှုများ တိုးတက်စေရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။




အလားတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ထံ နိုင်ငံတော် သမ္မတအဖြစ် ကတိသစ္စာပြုခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည့် ထိုင်းနိုင်ငံ ယခင်ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Dr. Parnpree Bahiddha – Nukar ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့ မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ထိုင်းနိုင်ငံ ယခင်ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်ခွင့်ရရှိခဲ့သည့်အတွက် ဝမ်းမြောက် ဂုဏ်ယူလျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများအား ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် နယ်စပ်ဒေသကုန်သွယ်ရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အွန်လိုင်းငွေကြေးလိမ်လည်မှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင် ရွက် သွားမည့်အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
