◾️ အချို့မြစ်များတွင် မြေနိမ့်တမံများ တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မည်ဖြစ်၍ စဉ်းစားဆောင်ရွက်ကြရန်လိုကြောင်းပါ မှာကြား

၁၁. ၄. ၂၀၂၆
Written by Nyein Kyaw
နိုင်ငံဖွံ့ဖြိုးရေးနှင့် စီးပွားရေးတိုးတက်မှုတို့အတွက် အခြေခံကျသည့် လျှပ်စစ်စွမ်းအင်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရာတွင် ဆောင်ရွက်ဆဲစီမံကိန်းများကို အမြန်အကောင်အထည်ဖော်ရန်နှင့် ဆိုင်းငံ့ထားရသည့်၊ မလုပ်ဖြစ်သေးသော စီမံကိန်းများကိုလည်း ပြန်လည်သုံးသပ် ဆောင်ရွက်ကြရန်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုအစိုးရအဖွဲဝင်များ၊ တိုင်းဒေသကြီးအစိုးရ၊ ပြည်နယ်အစိုးရများမှ ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများအား တွေ့ဆုံမှာကြားသည့် မိန်းခွန်းတွင် ထည့်သွင်းပြောကြားသည်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်သူများ စားဝတ်နေရေး အဆင်ပြေချောမွေ့ရန် လမ်းပန်းဆက် သွယ်ရေး ကောင်းမွန်ရန်နှင့် လျှပ်စစ်မီး ရရှိရေး၊ ရေကောင်းရေသန့် ရရှိရေး စသည့်အခြေခံအဆောက်အအုံများ ပြည့်စုံလုံလောက်ရန်လည်း လိုအပ်ကြောင်း နိုင်ငံတော်သမ္မတက မှာကြားသည်။
“လျှပ်စစ်ကဏ္ဍဟာ နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ စီးပွားရေးတိုးတက်မှုတို့အတွက် အခြေခံကျပါတယ်။ ဒါ့ကြောင့် နိုင်ငံမှာ လိုအပ်နေသေးတဲ့ လျှပ်စစ်စွမ်းအင်ကဏ္ဍ မြှင့်တင်ရေးကို အလေးထား လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ အဲ့လိုလုပ်ဆောင်ရာမှာ ဆောင်ရွက်ဆဲ စီမံကိန်းတွေကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဖို့လိုသလို အကြောင်းအမျိုးမျိုးကြောင့် ဆိုင်းငံ့ထားရတဲ့၊ မလုပ်ဖြစ်သေးတဲ့ လျှပ်စစ်စီမံကိန်းတွေကိုလည်း ပြန်လည် သုံးသပ်ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်” ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့အတူ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျော့နည်းစေသည့် ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်များနှင့် လုပ်ဆောင်ကြရန်လည်း လိုအပ်ကြောင်း၊ အချို့မြစ်များတွင် မြေနိမ့်တမံများ တည်ဆောက်ပြီး ရေကိုထိန်းသိမ်း သိုလှောင်နိုင်မည်ဆိုပါက စိုက်ပျိုးရေးကို အထောက်အကူပေးနိုင်သည့်အပြင် လျှပ်စစ်ဓာတ်အားကိုလည်း ထုတ်လုပ်နိုင်မည်ဖြစ်၍ စဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့ပြင် မိမိနိုင်ငံနှင့် ကိုက်ညီသည့် ဆိုလာဓာတ်အားပေးစနစ်ကိုလည်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံတော်တော်များများတွင် ဆိုလာစနစ်အောင်မြင်နေပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် အများကြီးအားနည်းနေသေးကြောင်း၊ မြန်မာနိုင်ငံအလယ်ပိုင်းတွင် နေရောင်ခြည်ကို တစ်နှစ်လျှင် ရက် ၃၀၀ ခန့် ပြည့်ပြည့်ဝဝရရှိသလို မိုးများသည့် မြန်မာနိုင်ငံ အောက်ပိုင်းဒေသများ၌ပင် ရက် ၂၅၀ ခန့် နေရောင်ခြည်ရနိုင်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
“ဒါ့ကြောင့် အိမ်သုံးကအစ၊ စီးပွားရေးလုပ်ငန်း၊ စက်မှုလက်မှုလုပ်ငန်းနဲ့ စိုက်ပျိုးရေးအတွက် မြစ်ရေတင်လုပ်ငန်း စတာတွေမှာ ဆိုလာဓာတ်အားပေးစနစ်ကို ပြောင်းလဲသုံးစွဲနိုင်ကြမယ်ဆိုရင် ဓာတ်အားလိုအပ်ချက်ကိုလည်း များစွာဖြည့်တင်းပေးနိုင်မှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မီးစက်တွေအတွက် ပြည်ပက တင်သွင်းနေရတဲ့ စက်သုံးဆီ လိုအပ်ချက်ကို လျှော့ချနိုင်ပြီး နိုင်ငံခြားငွေသုံးစွဲမှုကိုလည်း ချွေတာနိုင်မှာဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
