◾ ကမ္ဘောဒီးယားနိုင်ငံအစိုးရ၏ အာဆီယံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ဘုရင့်အတိုင်ပင်ခံကောင်စီအဖွဲ့ဝင်ကိုပါ လက်ခံတွေ့ဆုံ
◾ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ နီကာရာဂွာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး လာရောက်ဂါဝရပြု တွေ့ဆုံ၊ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများအပေါ် အသိအမှတ်ပြုသည့်အနေဖြင့် သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲသို့ တက်ရောက်ခြင်းဟု ဆို




၁၁. ၄. ၂၀၂၆
Written by Nyein Kyaw
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် H.E. Mr. Alounkeo KITIKHOUN နှင့် ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှ၊ တောင်အာရှနှင့် တောင်ပစိဖိတ်ဌာနညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ဧပြီ ၁၀ ရက် ညနေပိုင်းတွင် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့အနေဖြင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်ခွင့်ရရှိသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူလျက်ရှိသည့်အခြေအနေများ ပြောကြားကြသည်။
ထို့ပြင် နိုင်ငံများအကြား သံတမန်ဆက်ဆံမှုများ တိုးတက်ကောင်းမွန်လျက်ရှိမှုနှင့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။



အလားတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံအစိုးရ၏ အာဆီယံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ဘုရင့်အတိုင်ပင်ခံကောင်စီ အဖွဲ့ဝင် H.E.Mr. Kitti Settha Pandita CHAM Prasidh ဦးဆောင်သည့် စားလှယ်အဖွဲ့က ဧပြီ ၁၀ ရက် ညနေပိုင်းတွင် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ကမ္ဘောဒီးယားနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့အနေဖြင့် သမ္မတကြီး ဦးမင်းအောင်လှိုင် ၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ တက်ရောက်ခဲ့မှု အခြေအနေများ၊ မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုရှိသည့် မိတ်ဆွေကောင်းနိုင်ငံများဖြစ်မှုအခြေအနေများအား ဆွေးနွေးခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ယခုထက်ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။



ယင်းအပြင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည့် နီကာရာဂွာသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Valdrack Jaentschke ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ဧပြီ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် နီကာရာဂွာသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများအပေါ် အသိအမှတ်ပြုသည့်အနေဖြင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲအခမ်းအနားသို့ တက်ရောက်ခဲ့မှုအခြေအနေများအား ဆွေးနွေးခဲ့သည်။
နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံမှုများ ယခုထက်ပိုမိုတိုးတက်အောင်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
