
၁၀.၄.၂၀၂၆
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်ကတရုတ်ထိုင်ဝမ်၏ အဓိကအတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားရေးပါတီခေါင်းဆောင် ချန်လိဝမ်နဲ့ ဧပြီလ ၁၀ ရက်က တွေ့ဆုံဆွေးနွေးရာမှာ ပြည်မကြီးအနေနဲ့ ထိုင်ဝမ်လွတ်လပ်ရေးကို ဆန့်ကျင်တဲ့ မျှဝေထားတဲ့ နိုင်ငံရေးအခြေခံအပေါ် အခြေပြုပြီး နှစ်ဖက်အပေးအယူ ဖလှယ်မှုနဲ့ ဆွေးနွေးမှုတွေကို တိုးချဲ့ဖို့ ဆန္ဒရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
ကူမင်တန်(KMT) လို့လည်း လူသိများတဲ့ ပါတီခေါင်းဆောင်နဲ့ ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း ပထမဆုံးအကြိမ် တွေ့ဆုံခဲ့တာမှာ ရှီက “ထိုင်ဝမ်ရေလက်ကြားရဲ့ နှစ်ဖက်စလုံးရှိ နိုင်ငံသားတွေက တရုတ်နိုင်ငံနဲ့ သက်ဆိုင်တယ်” လို့ ပြောကြားခဲ့ပြီး ၎င်း၏ “နယ်မြေကို ပိုင်းခြား၍မရပါ” ထပ်လောင်းဆိုခဲ့ပါတယ်။
သူ့ရဲ့ အဖွင့်မိန့်ခွန်းမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အာဏာရကွန်မြူနစ်ပါတီကို ဦးဆောင်တဲ့ ရှီက KMT ခေါင်းဆောင်နဲ့ တွေ့ဆုံမှုက ရေလက်ကြားဖြတ်ကျော်ပြီး ငြိမ်းချမ်းစွာဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဖို့ ရည်ရွယ်ပြီး ဒီဆက်ဆံရေးရဲ့ အနာဂတ်က တရုတ်ပြည်သူတွေရဲ့ လက်ထဲမှာ ခိုင်မြဲစွာ ရှိနေသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။
ရှီက ထိုင်ဝမ်ကျွန်းရဲ့ လွတ်လပ်ရေးကို ရှာဖွေခဲ့ရင် ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးကို ထိခိုက်စေတဲ့ အဓိကတရားခံ ဖြစ်မယ်လို့ ခေါ်ဆိုခဲ့ပြီး မည်သည့်အခါမှ ခွင့်လွှတ်တာ ဒါမှမဟုတ် သည်းခံတာမျိုး လုပ်မှာမဟုတ်လို့ ပြောခဲ့တယ်ဆိုတာ Xinhua သတင်းဌာနကဖော်ပြခဲ့ပါတယ်။
ရှီ က အမေရိကန်နဲ့ ဂျပန်အပေါ် တိုက်ရိုက်မဟုတ်တဲ့ ဖုံးကွယ်ထားတဲ့ သတိပေးချက်အနေနဲ့ ကွန်မြူနစ် ပါတီနဲ့ KMT တို့ကို ခွဲထွက်ရေးနဲ့ ပြင်ပဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ ပါတီနှစ်ခုဟာ နိုင်ငံရေးယုံကြည်မှုကို ခိုင်မာအောင်လုပ်ဆောင်ရမှာဖြစ်ပြီး နိုင်ငံသားတွေကို စည်းလုံးညီညွတ်စေရမှာဖြစ်သလို “အမျိုးသားပြန်လည်ပေါင်းစည်းရေး၏ တောက်ပသောအနာဂတ်” အတွက် အတူတကွ လုပ်ဆောင်ရမယ်လို့ ရှီက ထပ်လောင်းပြောခဲ့ပါတယ်။
ရှီ နဲ့ ချန် နှစ်ဦးစလုံးက ပေကျင်းရှိ ပြည်သူ့ခန်းမကြီးမှာပြုလုပ်တဲ့ သူတို့ရဲ့ ဆွေးနွေးပွဲတွေမှာ တရုတ်တစ်နိုင်ငံတည်းမူကို အတည်ပြုတဲ့ “၁၉၉၂ ခုနှစ် သဘောတူညီချက်” ကို လိုက်နာဖို့ အရေးကြီးတယ်လို့ ထောက်ခံခဲ့ကြပါတယ်။
နှစ်ဖက်စလုံးက ပြည်သူတွေမှာ ကွဲပြားမှုတွေကို ဖြေရှင်းဖို့ အသိဉာဏ်ရှိတယ်လို့ ကမ္ဘာကို ပြသမယ်လို့ ချန်က ပြောကြားခဲ့ပါတယ်။ ထိုင်ဝမ်ရေလက်ကြားကို “ငြိမ်းချမ်းသော ပဋိပက္ခဖြေရှင်းရေးအတွက် ကမ္ဘာလုံးဆိုင်ရာပုံစံ” တစ်ခုဖြစ်အောင် လုပ်ဆောင်ဖို့လည်း သူမက တောင်းဆိုခဲ့ပါတယ်။
နိုဝင်ဘာလမှာ အတိုက်အခံပါတီခေါင်းဆောင် ဖြစ်လာတဲ့ ချန်ဟာ ဧပြီလ ၁၂ ရက်အထိ ပြည်မကြီးကို ခြောက်ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေတာပါ။ ရှီနှင့် ထိုစဉ်က KMT ဥက္ကဋ္ဌ ဟန်ရှုချူးတို့ဟာလည်း ၂၀၁၆ ခုနှစ် နိုဝင်ဘာလက ပေကျင်းမှာ တွေ့ဆုံခဲ့ကြပါသေးတယ်။
KMT ပါတီသည် လွတ်လပ်ရေးကို လိုလားပြီး ပေကျင်းက “ခွဲထွက်ရေးသမား” အဖြစ် ရှုတ်ချထားတဲ့ ထိုင်ဝမ်သမ္မတ လိုင်ချင်းတေး ဦးဆောင်တဲ့ အာဏာရ ဒီမိုကရက်တစ် တိုးတက်ရေးပါတီထက် တရုတ်နိုင်ငံအပေါ် ပိုမိုပြေလည်တဲ့ ချဉ်းကပ်မှုကို နှစ်သက်ပါတယ်။
Ref- Kyodo News
