သက်တံ့
၁၀. ၄. ၂၀၂၆
ယာဉ်နောက်လိုက်တစ်ဦး တက်မောင်းသည့်ကားတစ်စီးက ညအိပ် ဆီတန်းစီသည့်ယာဉ်အား နောက်မှဝင်တိုက်သဖြင့် ဆီတန်းစီသည့်ကားမှ ယာဉ်နောက်လိုက် သေဆုံးမှု ယမန်နေ့က ညောင်တုန်းမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ ဧပြီ ၉ ရက် နံနက် ၄ နာရီ ၃၀ မိနစ်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ရန်ကုန်-ပုသိမ်ကားလမ်း မိုင်တိုင်အမှတ် ၂၆ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံကြား၌ ရန်ကုန်မြို့မှ ပုသိမ်မြို့ဘက်သို့ ယာဉ်မောင်း ဦးသန့်ဇော်မင်း(၂၈)နှစ် မောင်းနှင်သည့် MDY-26/ 9K-XXXX NISSAN DIESEl အဖြူရောင် ကုန်တင်မော်တော်ယာဉ်အား ယာဉ်နောက်လိုက် ကိုရှိုင်းဝဏ္ဏဦး (၂၀)နှစ်မှ မောင်းနှင်စဉ် “အောင်ထက်လင်း” ဆီဆိုင်ရှေ့အရောက်၌ ညအိပ်ဆီတန်းစီရန် ရပ်ထားသော ဟော်လိုချောင်းများ တင်ဆောင်ထားသည့် AYY-7/9A-XXXX NISSAN CONDOR အစိမ်းရောင် မော်တော်ယာဉ်အား အနောက်မှဝင်တိုက်မှုဖြစ်ပွားခဲ့သည်။
အဆိုပါယာဉ်တိုက်မှုကြောင့် MDY-26/9K-XXXX NISSAN DIESEl အဖြူရောင် ကုန်တင်မော်တော်ယာဉ်ပေါ်ပါ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)အား ဆားမလောက်တောင်သူလယ်သမားဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်း၊ AYY-7/9A-XXXX NISSAN CONDOR အစိမ်းရောင် မော်တော်ယာဉ်ပေါ်တွင် ညအိပ်စောင့်နေသော ယာဉ်နောက်လိုက် အမျိုးသားတစ်ဦး(သေဆုံး)အား ညောင်တုန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် MDY-26/9K-XXXX NISSAN DIESEl ယာဉ်အား အခင်းဖြစ်စဉ် မောင်းနှင်ခဲ့သည့် ယာဉ်နောက်လိုက်ဖြစ်သူ ကိုရှိုင်းဝဏ္ဏဦးအား မဲဇလီနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
