၁၀.၄.၂၀၂၆
Written by Nay Yaung
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြိုးစားအားထုတ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်ကြသည့် ပြည်သူများအတွက် ပိုမိုကောင်းမွန်သည့်အနာဂတ် ဖော်ဆောင်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်သစ် ဦးအောင်နိုင်သူက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ဧပြီ ၁၀ ရက်၊ နံနက်ပိုင်းကကျင်းပခဲ့သည့် တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ကတိသစ္စာပြုအခမ်းအနားအပြီး မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ လူနေမှုဘ၀လုံခြုံမှုရှိစေရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးတွက် လိုအပ်သည့်ဥပဒေများ ပြဋ္ဌာန်းနိုင်ရေး၊ ခေတ်စနစ်နှင့်မညီသည့် ဥပဒေများကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းများကို တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြဆောင်ရွက်သွားမည်ဟုလည်း ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက “တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများအနေနဲ့လည်း ကျွန်တော့်နည်းတူပဲ မိမိတို့တာဝန်များကို ကျေပွန်အောင် ဆောင်ရွက်ကြမယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းနေထိုင်ကြတဲ့ ပြည်သူများအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဖော်ဆောင်ပေးနိုင်မယ်လို့ ယုံကြည်ပါကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ နိုင်ငံတော်နဲ့ပြည်သူများအပေါ် သစ္စာစောင့်သိပြီး မွန်မြတ်တဲ့စေတနာနဲ့ ကြိုးစားဆောင်ရွက်သွားမှာဖြစ်သလို တိုင်းပြည်နဲ့ ပြည်သူ့အကျိုးစီးပွားဖြစ်ထွန်း အောင်မြင်ရေးအတွက်လည်း တစ်စိုက်မတ်မတ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံတော်သမ္မတနှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက မိမိကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ယုံကြည်စွာတာဝန်ပေးအပ်မှုအပေါ် အလေးအနက်ခံယူပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်တာဝန်ကို ကျေပွန်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားထမ်းဆောင်သွားမည်ဖြစ်ကြောင်း အလေးအနက်ထား ကတိပြုပြောကြားလိုကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အုပ်ချုပ်မှုအခွင့်အာဏာကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၄၉ ကနေ ပုဒ်မ ၂၅၃ အထိ သတ်မှတ်ပြဋ္ဌာန်းထားရှိပြီး ယင်းပြဋ္ဌာန်းချက်များကို တစ်သွေမသိမ်းလိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးအောင်နိုင်သူက ဆက်လက်ပြောကြားခဲ့သည်။
ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွက် ထမ်းဆောင်ရမည့် လုပ်ငန်းတာဝန်အနည်းအများပေါ်မူတည်၍ ဝန်ကြီး (၈)ဦးနှင့် တိုင်းရင်းသားရေးရာဝန်ကြီး (၂) ဦး၊ စုစုပေါင်း ဝန်ကြီး (၁၀)ဦးတို့ဖြင့် ဖွဲ့စည်းထားပြီး တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆက်လက်ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးဌာန(၁၀) ခုနှင့် ဝန်ကြီးများမှာ (၁) လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး ဝင်းတင့်၊ (၂) စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဒေါက်တာမေသန်းနွယ်၊ (၃)လူမှုရေးရာဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးဗိုလ်ဌေး၊(၄) လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဒေါက်တာမျိုးသော်၊ (၅) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဒေါက်တာထူးမောင်၊ (၆)သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးစိုးဦး၊ (၇) စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးမျိုးမြင့်အောင်၊ (၈)ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးနေလင်းထွန်း၊ (၉)ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ဝန်ကြီးအဖြစ် စောဂျက်ကော့ထူးနှင့် (၁၀)ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးနေမင်းထွန်းတို့ဖြစ်ကြောင်း သိရသည်။
“ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ပြည်သူများ လူနေမှုဘ၀လုံခြုံမှုရှိစေရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် လိုအပ်တဲ့ဥပဒေများကို ပြဋ္ဌာန်းနိုင်ရေးကိုလည်း တိုင်းဒေသကြီးလွှတ်တော်ကို တင်ပြဆောင်ရွက်သွားမှာဖြစ်သလို ခေတ်စနစ်နဲ့မညီတော့တဲ့ ဥပဒေများကိုလည်း ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းများကို တိုင်းဒေသကြီးလွှတ်တော်ကို တင်ပြဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။ အဲဒီတင်ပြဆောင်ရွက်သည့်အခါမှာလည်း လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ ၀ိုင်းဝန်းကူညီပေးကြပါလို့ ကျွန်တော့်အနေနဲ့ ပန်ကြားလိုပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဆက်လက်ပြောကြားခဲ့သည်။
ထို့နောက် နိဂုံးချုပ်အနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏တာဝန်များဖြစ်သည့် တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်စေရေး၊ တိုင်းဒေသကြီးရှိ ပြည်သူများ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတိုးတက်စေရေးအတွက်၊ တရားဥပဒေစိုးမိုးရေးတို့အတွက် တည်ဆဲဥပဒေပါပြဋ္ဌာန်းချက်များနှင့် အညီ အဂတိတရားကင်းရှင်းစွာဖြင့် ကြိုးစားထမ်းဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် ကိုကိုးကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်သူကို သမ္မတက ခန့်အပ်ပြီးပြီဖြစ်၍ ဧပြီ ၁၀ ရက်တွင် ကျင်းပခဲ့သည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးဌေးအောင်ရှေ့မှောက်၌ ကတိသစ္စာပြုကာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။









