◾️ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းလျှပ်စစ်ဓာတ်အားလိုအပ်ချက် ဖူလုံအောင် ကြိုးပမ်းဆောင်ရွက်သွားမည်
၁၀. ၄. ၂၀၂၆
Written by Nyein Kyaw
အရှေ့အလယ်ပိုင်းပဋိပက္ခအခြေအနေသည် ခေတ္တခဏရပ်စဲထားခြင်းသာဖြစ်၍ အစိုးရသစ်အနေဖြင့် စက်သုံးဆီချွေတာရေးကို မလွဲမသွေပြုလုပ်ရဦးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမနေ့ အစည်းအဝေးတွင် မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။
လက်ရှိဖြစ်ပေါ်နေသည့် အရှေ့အလယ်ပိုင်းပဋိပက္ခသည် နှစ်ပတ်အကြာ အပစ်အခတ်တိုက်ခိုက်မှု ခေတ္တခဏရပ်စဲထားသော်လည်း မည်သို့ဆက်ဖြစ်မည်ဆိုခြင်းကို စောင့်ကြည့်လေ့လာရဦးမည်ဖြစ်ခြင်းကြောင့် စက်သုံးဆီအခက်အခဲ ဆက်ရှိနေဦးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
“ဘယ်လိုအခြေအနေဖြစ်လာစေကာမူ စက်သုံးဆီအခက်အခဲကတော့ ရှိနေဦးမှာဖြစ်တဲ့အတွက် ကျွန်တော်တို့လို့ နှစ်စဉ် အမေရိကန်ဒေါ်လာ ငါးဘီလျံဖိုးခန့် စက်သုံးဆီတင်သွင်းနေတဲ့နိုင်ငံမျိုးဟာ စက်သုံးဆီချွေတာရေး မလွဲမသွေပြုလုပ်ရမှာဖြစ်ပါတယ်။ ယာဉ်ယန္တရားသုံး၊ မီးစက်သုံးစသည်ဖြင့် နယ်ပယ်တွေမှာ အတတ်နိုင်ဆုံးလျှော့ချတာ၊ လျှော့ချသုံးစွဲတာ အကောင်းဆုံးဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့ကြောင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး၊ လျှပ်စစ်ကားများ အဖြစ်နိုင်ဆုံး အသုံးပြုရေး မလွဲမသွေလိုအပ်ကြောင်းနှင့် ဆိုလာစွမ်းအင် ဖွံ့ဖြိုးမှုကိုလည်း မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
“နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လျှပ်စစ်ကဏ္ဍဟာ ဆက်စပ်နေတဲ့အတွက် ပြည်တွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖူလုံအောင် ကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်” နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့အတူ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင်မြစ်များသည် မြန်မာနိုင်ငံ၏အဓိက အသက်သွေးကြောများဖြစ်ပြီး စိုက်ပျိုးရေး၊ ကုန်စည်ပို့ဆောင်ရေးနှင့် ရေအားလျှပ်စစ် ထုတ်လုပ်ခြင်းတို့အတွက် အလွန်အရေးပါကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
