၁၀.၄.၂၀၂၆
Written by Linn Eain
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီး(၁၀)ဦး၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး(၆)ဦး ကတိသစ္စာပြုခဲ့ကြောင်း သိရသည်။
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ဧပြီ ၁၀ ရက်၊ နံနက် ၁၀ နာရီတွင် စတင်ကျင်းပခဲ့ပြီး နံနက် ၁၁ နာရီခွဲတွင် ပြီးဆုံးခဲ့သည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ နေရာယူပြီးနာက် တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း၊ အစည်းအဝေး မတက်ရောက်နိုင်သော တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်း၊ တိုင်းဒေသကြီးလွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းနှင့် လွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေး တက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူခြင်းတို့ ဆောင်ရွက်ခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် ကိုကိုးကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်သူကို သမ္မတက ခန့်အပ်ပြီးပြီဖြစ်၍ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဌေးအောင်ရှေ့မှောက်တွင် ကတိသစ္စာပြုကာ လက်မှတ်ရေးထိုးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီး ဝန်ကြီး (၁၀) ဦး၊ တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်ဖြူမာဝေ၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်မာချို နှင့် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး (၆)ဦးတို့ အသီးသီး ကတိသစ္စာပြုကာ လက်မှတ်ရေးထိုးခဲ့ပြီး မှတ်တမ်းတင်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးဌာနနှင့် ဝန်ကြီးများမှာ (၁) လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး ဝင်းတင့်၊ (၂) စီမံကိန်း၊ စီးပွားရေးနှင့် နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဒေါက်တာမေသန်းနွယ်၊ (၃)လူမှုရေးရာဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးဗိုလ်ဌေး၊(၄) လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဒေါက်တာမျိုးသော်၊ (၅) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဒေါက်တာထူးမောင်၊ (၆) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးစိုးဦး၊ (၇) စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးမျိုးမြင့်အောင်၊ (၈)ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးနေလင်းထွန်း၊ (၉) ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ဝန်ကြီးအဖြစ် စောဂျက်ကော့ထူးနှင့် (၁၀)ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးနေမင်းထွန်းတို့ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးများမှာ ဦးကျော်စွာငြိမ်း၊ ဒေါ်ထားထား၊ ဒေါ်နုနုခင်၊ ဦးကျော်ကျော်၊ ဒေါ်မာလာထွန်း၊ ဦးသောင်းထွေးတို့ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားခြင်းနှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ကြသည်။
ထို့နောက် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ ရပ်နားကြောင်းနှင့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေး အောင်မြင်စွာပြီးဆုံးကြောင်း ကြေညာခဲ့ကြောင်း သိရသည်။
ယနေ့ကျင်းပသည့် တိုင်းလွှတ်တော်အစည်းအဝေးသို့ နိုင်ငံရေးပါတီမှ လေ့လာသူများ၊ တိုင်းရင်းသားများ၊ ဌာနဆိုင်ရာ အရာရှိများနှင့် သက်ဆိုင်ရာဝန်ထမ်းများလည်း လေ့လာ၊ တက်ရောက်ခဲ့ကြောင်းသိရသည်။










