၁၀. ၄. ၂၀၂၆
Written by Nyein Kyaw
နိုင်ငံတကာဆက်ဆံရေးကို ဟန်ချက်ညီညီဆောင်ရွက်သွားမည်ဖြစ်ပြီး အာဆီယံနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိအောင် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမနေ့ အစည်းအဝေးတွင် မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။
“နိုင်ငံတကာဆက်ဆံရေးမှာလည်း ဟန်ချက်ညီညီဆောင်ရွက်သွားမှာဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများနဲ့ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်တည်ဆောက်သွားရမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက် အာဆီယံနဲ့ ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိအောင် ကြိုးစားဆောင်ရွက်သွားပါမယ်”ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့ပြင် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းမိတ်ဆွေနိုင်ငံများနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်သွားပြီး နိုင်ငံတကာဆက်ဆံရေးကိုလည်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ချက်နှင့်အညီ ခိုင်မာအောင် တည်ဆောက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ယနေ့ ကျင်းပသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဒုတိယသမ္မတများ ကတိသစ္စာပြုခြင်း အခမ်းအနားသို့ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် (CPPCC) အမျိုးသားကော်မတီ၏ ဒုတိယဥက္ကဋ္ဌ၊ ဘယ်လာရုစ်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူမားအောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ကမ္ဘောဒီးယားတော်ဝင်အစိုးရ၏ အာဆီယံနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၊ ထိုင်းနိုင်ငံ အငြိမ်းစား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့ အပါအဝင် နိုင်ငံပေါင်း ၂၃ နိုင်ငံမှ သံအမတ်ကြီး ၁၆ ဦးနှင့် သံရုံးယာယီတာဝန်ခံ ၇ ဦး၊ အဖွဲ့အစည်း ၂ ခုနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း ၁ ခုတိုမှ ကိုယ်စားလှယ်များ စုစုပေါင်း ၅၀ ဦး တက်ရောက်ဂုဏ်ပြု အားပေးခဲ့ကြောင်း သိရသည်။
