◾️ တရားမျှတမှုနှင့် ငြိမ်းချမ်းရေး အထောက်အကူပြုစေရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုက်သင့်သည့်ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာရေးတို့ကို စဉ်းစားဆောင်ရွက်သွားမည်
၁၀. ၄. ၂၀၂၆
Written by Nyein Kyaw
နိုင်ငံသားတိုင်း ဥပဒေရေးရာအကာအကွယ်ကို အညီအမျှရရှိစေရန် တိကျမှန်ကန်မြန်ဆန်စွာ တရားစီရင်နိုင်ရေးနှင့် တရားရုံးများ ဖြောင့်မတ်မှန်ကန်စေရေးတို့ကို ဦးစားပေးဖော်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမနေ့ အစည်းအဝေးတွင် မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။
“ကျွန်တော်တို့အစိုးရအနေနဲ့ နိုင်ငံသားတိုင်း ဥပဒေရေးရာအကာအကွယ်ကို အညီအမျှရရှိစေဖို့၊ မှားယွင်းပြီး အပြစ်စီရင်ခြင်းမခံရဖို့ ပြစ်မှုနဲ့ ပြစ်ဒဏ်မျှတပြီး တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် စီရင်နိုင်ဖို့၊ တရားရုံများ ဖြောင့်မတ်မှန်ကန်စေဖို့ကို ဦးစားပေးဖော်ဆောင်သွားမှာဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
နိုင်ငံတစ်နိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တရားဥပဒေစိုးမိုးရေးသည် အဓိကအခြေခံအုတ်မြစ် မရှိမဖြစ်လိုအပ်ကြောင်း၊ တရားမျှတမှုနှင့် ငြိမ်းချမ်းရေးတို့ကို အထောက်အကူပြုစေရေး ထိုက်သင့်သည့်ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာရေးတို့ကိုလည်း စဉ်းစားဆောင်ရွက်သွားမည်ဖြစ်သည်။
“ကျွန်တော်တို့ အစိုးရအနေနဲ့ လူမှုရေး၊ ပြန်လည်သင့်မြတ်ရေး၊ တရားမျှတမှုနှင့် ငြိမ်းချမ်းရေးတို့ကို အထောက်အကူပြုစေရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုက်သင့်တဲ့ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာရေးတို့ကို စဉ်းစားဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
