၂၇. ၂. ၂၀၂၃
Written by Phyo Wei

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူမြင့်တက်လာတယ်လို့ ကုလသမဂ္ဂထုတ်ပြောလာတဲ့ သတင်းဆိုးဟာ ယိနဲ့နဲ့နိုင်ငံအတွက် ခြေလက်မစုံသူတွေ များလာမဲ့ဖြစ်စဉ်အပြင် ဖြစ်ထွန်းစ သဘာ၀အခြေခံခရီးသွားလုပ်ငန်းတွေပါ နိုင်ငံအနှံ့မိုင်းကွင်းမှာ ဘယ်သူမှ သွားလာရဲတော့မှာမဟုတ်လို့ ခရီးသွားနဲ့ နိုးထချင်တဲ့ ကယားလိုပြည်နယ်မျိုးအတွက်တော့ ဖွံ့ဖြိုးဖို့ အနှစ် ၂၀ လောက် နောက်ဆုတ်သွားပြီလို့ တွေးဆရမဲ့အခြေအနေပါ။

အခြားတစ်ဖက်မှာလည်း အမေရိကန်ပြည်ထောင်စု အင်ဒီယန်းနားပြည်နယ် အင်ဒီယန်းနားပေါ်လစ်မြို့မှာ ပြုလုပ်တဲ့ ၇၅ နှစ်မြောက် ချင်းအမျိုးသားနေ့ပွဲမှာ ချင်းရိုးရာဝတ်စုံဝတ်အမျိုးသား၊ အမျိုးသမီးတွေ နပမ်းလုံးရန်ဖြစ်တဲ့ရုပ်သံပျံ့လွင့်လာခဲ့ပြီး ပိုဆိုးတာက အဲဒီပွဲကို NUG ရဲ့ ခေါင်းကိုင်ဖခင် CRPH ဥက္ကဋ္ဌဦးအောင်ကြည်ညွန့်၊ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အမေရိကန်အမတ် Todd Young တို့ တက်ရောက်ခဲ့တယ်လို့လည်း ပြောကြပြီး နပမ်းလုံးသူတွေဟာ သူတို့ကို လုံး၀ဂရုမစိုက်၊ အထာမထားခဲ့ကြဘူးဆိုတဲ့ သတင်းစကားတွေလည်း ပျံ့လာတာပါ။

တိုင်းတစ်ပါးမှာ တကူးတကလာရောက်ချီးမြှင့်တဲ့ NUG ရဲ့ အဓိပတိတွေဟာ လက်နက်မဲ့နပမ်းလုံးသူတွေရဲ့ မထီမဲ့မြင်ဆက်ဆံမှုကို ခံနေရတဲ့ ဒီမြင်ကွင်းဟာ ပြည်တွင်းမှာ PDF၊ ပကဖ၊ LPDF၊ တစ်ဦးချင်းထူထောင်တဲ့ ကိုယ်ပိုင်တပ်မတော်တွေနဲ့ KIA ထိန်းချုပ်တဲ့ KPDF တို့ KNU ထိန်းချုပ်တဲ့ PDF အဖွဲ့ ၆၀၀ ကျော်ကို မထိန်းချုပ်နိုင်၊ မအုပ်စီးနိုင်၊ Chain of Command ကို မတည်ဆောက်နိုင်ဘဲ တစ်ဖွဲ့နဲ့ တစ်ဖွဲ့သတ်ဖြတ်ဖမ်းဆီးနေတဲ့ မြင်ကွင်းတွေက ဒီလို ဩဇာမရှိမှုကြောင့်လား အထင်းသားတွေးရတဲ့ ဒီရက်သတ္တပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ KNU နဲ့ တရုတ်တည်ဆောက်နေတဲ့ ဝေဖန်ခံကာစီနိုလောင်းကစားမြို့သစ်အကြောင်း၊ အမေရိကန်ထိန်းချုပ်မဲ့ ရုပ်သေးအစိုးရ မြန်မာနိုင်ငံမှာ ပေါ်ပေါက်လာမှာကို တရုတ်က စိုးရိမ်ဖွယ်ရှိနေတဲ့အကြောင်းနဲ့ ဥပဒေကြောင်းအရ အရေးမယူဘဲ လွှတ်ပေးတဲ့ နိုင်ငံ ၁၆၉ ခုမှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ မြန်မာနိုင်ငံအကြောင်းတွေကို တင်ပြချင်ပါတယ်။

“KNU နဲ့ တရုတ်ရဲ့ ကာစီနိုလောင်းကစားမြို့သစ်”

တရုတ်နယ်စပ်မြို့တွေမှာ ကာစီနိုနဲ့ ဇိမ်ခန်းတွေ ဖျော်ဖြေရေးတွေတည်ဆောက်ကြပြီး နိုင်ငံတကာခရီးသွားတွေ ဝင်ရောက်သုံးစွဲတာကြောင့် ဒီလိုမျိုး ကာစီနိုလောင်းကစားမြို့တော် တည်ထောင်နိုင်တဲ့ လက်နက်ကိုင်တွေဟာ ငွေကြေးအရ ကြွယ်၀လာပြီး လက်နက်လူသူစုဆောင်းနိုင်မှုနဲ့အတူ လက်နက်အင်အားချင်းပါ ခြေရာတိုင်းလာနိုင်တာကြောင့် ဒီလိုလောင်းကစားမြို့သစ်ထူထောင်နိုင်ရေးဟာ EAOs တိုင်းရဲ့အိပ်မက်ဖြစ်လာပါတယ်။

ဒီ အိပ်မက်တွေကို ၂၀၂၀ ပြည့်နှစ် မတိုင်ခင်ကတည်းက အသက်သွင်းလာတာကတော့ ကရင်ပြည်နယ်ဘက်က လက်နက်ကိုင်တွေပါပဲ။ လက်ရှိအချိန်မှာ လူသိများတာက ရွှေကုက္ကိုလ်မြို့သစ်နဲ့ လတ်တလောပွဲဆူနေတဲ့ တရုတ်နဲ့ KNU လုပ်ဆောင်နေတယ်ဆိုတဲ့ KNU ပိုင်နက်ထဲက တရုတ်ဟွမ်ယားလောင်းကစားမြို့သစ်စီမံကိန်းပါ။ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး KNU က သူတို့ပါဝင်ပတ်သက်မှုမရှိဘူး။ ဒီလိုလောင်းကစားမြို့တော်ကို လက်မခံဘူးလို့ ကြေညာခဲ့ပေမဲ့လည်း ဒီထုတ်ပြန်ချက်ကို ဘယ်သူမှမယုံဘဲ ဝေဖန်ခဲ့ကြပါတယ်။

KNU ပိုင်နက်ထဲက တရုတ်ရဲ့ လောင်းကစားမြို့သစ်ဟာ KNU နဲ့ မဆိုင်ကြောင်း ဒီထုတ်ပြန်ချက်အောက်မှာကို Saw Htee Khu အကောင့်ပိုင်ရှင်က ” ပိပိရိရိလိမ်နေတာ။ ကိုယ်ပိုင်တဲ့နယ်မြေကို အခြားနိုင်ငံတစ်ခုက တရားမဝင်လာရောက်လုပ်ကိုင်နေတာ၊ လောင်းကစားပါနေတာ နယ်မြေခံလက်နက်ကိုင်အဖွဲ့မပါဘဲနဲ့ ဘယ်သူမှ မလုပ်ရဲပါဘူးနော်။ လိမ်ပါ။ ဆက်လိမ်ပါ”လို့လည်း ပေါ်ပေါ်ထင်ထင်မှတ်ချက်ပေးထားတာ တွေ့ရပါတယ်။

ကမ္ဘောဒီးယားနဲ့ ဖိလစ်ပိုင်မှာ အစိုးရတွေ ဖြိုခွင်းခံရလို့ ပြေးလာခဲ့တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ၊ ကာစီနိုလောင်းကစားနဲ့ ကာမမြို့တော်တွေဟာ နိုင်ငံတစ်ခုအတွက် ကောင်းတဲ့ပုံရိပ်မဟုတ်ပေမဲ့လည်း မြန်မာနိုင်ငံလို နယ်စပ်တိုင်းကို လက်နက်ကိုင်တွေကြီးစိုးနေတဲ့ သူတစ်လူ၊ ငါတစ်မင်းနိုင်ငံကတော့ မကောင်းတဲ့ပုံရိပ်တွေကြားမှာပဲ သက်ပြင်းချနေရဦးမဲ့ အခြေအနေပါ။

”အမေရိကန်ထိန်းချုပ်မဲ့ ရုပ်သေးအစိုးရ”

တရုတ်နိုင်ငံရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် Deng Xijun က ကေအိုင်အေ၊ ဝ နဲ့ မိုင်းလား ဌာနချုပ်တို့ကို သွား ရောက်ခဲ့တယ်လို့ သတင်းထွက်ပေါ်တာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံအနေနဲ့ မြန့်မာနိုင်ငံမှာ အမေရိကန်ရဲ့ ရုပ်သေးပုံစံ အစိုးရတက်လာမှာကို စိုးရိမ်မှုရှိနေတယ် ယူဆကြောင်း နိုင်ငံရေးသုံးသပ်လေ့လာသူ ဦးရဲထွန်းက ဆိုပါတယ်။

“တရုတ်ရဲ့ သဘောထားကတော့ အခုဖြစ်နေတဲ့ ပြဿနာတွေမှာ ကိုယ့်ပြည်တွင်း နိုင်ငံရေး အင်အားစုတွေပဲ အချင်းချင်း ညှိနှိုင်း အဖြေရှာတာကို အားပေးတယ်။ လက်တွေ့ကျကျပြောရရင် ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရေးကို အားပေးတယ်။ လိုအပ်တာလည်း ကူညီမယ်ပေါ့။ ထူးထူးခြားခြားထည့်ပြောတာက ပြင်ပက လက်နက်အင်အားနဲ့ ဝင်ရောက်စွက်ဖက်တာကို ဆန့်ကျင်တယ်လို့ ပြောထားတာရှိတယ်။ ဒါက အမေရိကန်ကို ရည်ရွယ်တာ။ အမေရိကန်ကလည်း အရင်တုန်းက အဲ့ဒီလို တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးမှာ ကုလသမဂ္ဂရဲ့နာမည်သုံးပြီး ဝင်စွက်တာတွေ ရှိတာကို သတိပေးတာရှိတယ်။ ဆိုတော့ တစ်ဖက်မှာကလည်း NUG အနေနဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ ထောက်ခံမှုကို ရဖို့က အမေရိကန်ကပဲ စပြီးတော့ ဦးဆောင်ပြီးတော့ ထောက်ခံမှသာလျှင် ကျန်တဲ့ နိုင်ငံတွေက လိုက်လာမှာဆိုတော့ စပြီးလမ်းဖောက်တာပေါ့” လို့ ပထမအကြိမ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက သူ့ယူဆချက်ကို ပြောပါတယ်။

မြန်မာ့နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံတကာ ကိုယ်စားလှယ်အသီးသီး တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေကို သွားတဲ့အချိန်တိုင်းမှာ မြန်မာ့နိုင်ငံရေးအပေါ် ပြင်းပြင်းထန်ထန်သက်ရောက်လေ့ရှိပြီး ကောင်းမွန်တဲ့ အကျိုးရလဒ်ဖြစ်စေခဲ့တဲ့ တစ်ခုတည်းသော နိုင်ငံကတော့ ဂျပန်ပါ။ ဂျပန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်သွားရောက်ရာဒေသတွေ တည်ငြိမ်လာတတ်ပေမဲ့ ကျန်တဲ့ဒေသတွေမှာတော့ အမေရိကန်၊ တရုတ်၊ ကုလသမဂ စတဲ့ ကိုယ်စားလှယ်တွေရောက်သွားတိုင်းမှာ ပြင်းထန်တဲ့လှုပ်ခတ်မှုတွေဖြစ်တတ်တာမို့ နိုင်ငံကြီးတွေ အဖွဲ့အစည်းကြီးတွေရဲ့ စွက်ဖက်လိုမှုတွေကိုတော့ အထူးတလည်သတိထားဖို့ လိုအပ်မှာပါ။

”ဥပဒေကြောင်းအရ အရေးမယူဘဲ လွှတ်ပေးတဲ့ နိုင်ငံတွေထဲက ထိပ်ဆုံးမြန်မာ”

မကောင်းတဲ့အချက်အလက်တွေ စစ်တမ်းထုတ်ပြန်ချိန်တိုင်း ထိပ်ဆုံးက ဗိုလ်စွဲတတ်တဲ့ မြန်မာနိုင်ငံဟာ World Atlas က ထုတ်ပြန်တဲ့ ပြစ်မှုကျုးလွန်သူတွေကို ဥပဒေကြောင်းအရ အရေးမယူဘဲ လွှတ်ပေးတဲ့ နိုင်ငံ ၁၆၉ နိုင်ငံစာရင်းမှာ အဆင့် ၄ နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပြန်ပါတယ်။

တာဝန်ယူမှုမရှိတဲ့ အုပ်ချုပ်မှု၊ လူ့အခွင့်အရေး အလွဲသုံးစားပြုမှု၊ ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေ၊ စီးပွားရေးအရ မတရားပြုလုပ် အမြတ်ထုတ်မှုနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဆင့်နိမ့်ကျမှုတွေနဲ့ တိုင်းတာပြီး သုညကနေ ၅ မှတ်အထိ သတ်မှတ်အမှတ်ပေးပြီး ဥပဒေကြောင်းအရ အရေးမယူဘဲလွှတ်ပေးမှုအဆင့်ကို အမှတ်ပေး သတ်မှတ်တဲ့ ဒီစာရင်းမှာ အာဖဂန်နစ္စတန်က ၄ ဒသမ ၂၅ မှတ်နဲ့ အဆင့် ၁ ရပြီး ဆီးရီးယားက ၄ ဒသမ ၁၆ မှတ်နဲ့ ဒုတိယ ရပါတယ်။ ယီမင်က ၃ ဒသမ ၈၈ မှတ်နဲ့ တတိယရပြီး မြန်မာနိုင်ငံကတော့ ၃ ဒသမ ၈၅ မှတ်နဲ့ စတုတ္ထဆုကို ဆွတ်ခူးခဲ့သလို ဗဟိုအာဖရိကသမ္မတနိုင်ငံက  ၃ ဒသမ ၇၇ မှတ်နဲ့ ပဉ္စမရရှိကာ ကမ္ဘာပေါ်မှာ ဥပဒေကြောင်းအရ အရေးမယူဘဲလွှတ်ပေးမှု အမြင့်ဆုံးငါးနိုင်ငံအဖြစ် The Atlas of Impunity ကသတ်မှတ်ခဲ့တာကို တွေ့ရပါတယ်။

လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံရဲ့ မြို့ ၃၃၀ မှာ တည်ငြိမ်ပါတယ်ဆိုတဲ့ ၁၉၈ မြို့နယ်မှာတောင် နေ့စဉ်နဲ့အမျှ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် သေဆုံးနေရပြီး ဓားပြတိုက်လုယက်သတ်ဖြတ်ရင်တောင်မှ တော်လှန်ရေးအမည်ခံ သူလျှို၊ ဒလန်မို့လို့ လုပ်တယ်ဆိုတာနဲ့ အပြစ်မရှိသလို လက်ခုပ်လက်ဝါးတီးပေးတဲ့ စိတ်ဓာတ်နိမ့်ကျနိုင်ငံမျိုးဟာ တကယ်တော့ အဆင့် ၁ နေရာ ရှိနေရမှာပါ။

“ကိုယ့်လူကို ထိရင် အဓမ္မ၊ ကိုယ့်လူက လုပ်ရင် ဓမ္မ”ဆိုပြီး ယုတ်မာရက်စက်စွာ မီးရှို့လုယက်၊ သတ်ဖြတ်မုဒိမ်းကျင့်မှုတွေကို အောက်တန်းကျစွာခံယူနေမဲ့အစား ဘယ်သူပြုကျင့်ပြုကျင့် အဓမ္မလို့ ဆင်ခြင်နိုင်တဲ့ ဦးနှောက်တွေရှိလာမှ၊ ရှုတ်ချတတ်လာမှသာ ပြည်သူတိုင်းသွားရောက်ချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဆီ ခြေလှမ်းက ပိုပိုနီးလာမှာဖြစ်ပြီး ဓားမနဲ့ အဓမ္မကြားမှာ ပြည်သူကိုယ်တိုင် လက်ခုပ်လက်ဝါးတီးနေသရွေ့တော့ မကောင်းတဲ့စစ်တမ်းတိုင်းမှာ ထိပ်ဆုံးကဗိုလ်စွဲပြီး စုတ်မွဲတဲ့နိုင်ငံအဖြစ်က တက်စရာလမ်းစ လုံး၀မမြင်မိပါဘူးလို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *