၂၈. ၂. ၂၀၂၃

Written by Nyein Kyaw

ကုလားတန်စီမံကိန်းသည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံလုံးအတွက် မဟာဗျူဟာအရ အရေးကြီးသည့်စီမံကိန်းတစ်ခုဖြစ်သည့်အတွက် ရခိုင်ပြည်နယ်အတွင်း ပစ်ခတ်တိုက်ခိုက်မှုများရပ်စဲပြီး တည်ငြိမ်အေးချမ်းမှုရှိမှသာလျှင် ပလက်ဝဒေသအပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၂၇ ရက်တွင် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ် သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံသည် ကောင်းမွန်သည့်ဆက်ဆံရေးသမိုင်းကြောင်းရှိပြီး အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်ကြောင်း၊ ယခုစီမံကိန်းသည် နှစ်နိုင်ငံကူးလူးဆက်သွယ်မှု၊ ကုန်သွယ်မှုကို ပိုမိုတိုးမြှင့်လာစေနိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံလုံးအတွက် မဟာဗျူဟာအရ အရေးကြီးသည့်စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ပစ်ခတ်တိုက်ခိုက်မှုများရပ်စဲပြီး တည်ငြိမ်အေးချမ်းမှုရှိမှသာလျှင် ပလက်ဝဒေသအပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ထို့ပြင် ကုလားတန်မြစ်ကြောင်းတစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း များစွာအထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စီမံကိန်းအမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးနိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်းသည် ရခိုင်ပြည်နယ်အတွက် များစွာအကျိုးဖြစ်ထွန်းစေနိုင်သည့် စီမံကိန်းတစ်ခုဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ ကုန်စည်စီးဆင်းမှုများကို ပိုမိုလျင်မြန်စေမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

အဆိုပါ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်း ဆောင်ရွက်ပြီးစီးပါက မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုအခွင့်အလမ်း ပိုမိုရရှိစေခြင်း၊ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများပေါ်ပေါက်လာပြီး အိန္ဒိယနိုင်ငံနှင့်သာမက အခြားနိုင်ငံများနှင့်ပါ တိုက်ရိုက်ကုန်သွယ်နိုင်ခြင်း၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် လမ်းပန်းဆက်သွယ်ရေးပိုမိုကောင်းမွန်လာပြီး ဒေသဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူဖြစ်စေမည်ဖြစ်သည်။

ဒေသခံပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေခြင်း၊ ဒေသခံများအနေဖြင့် ရေကြောင်းသွားလာမှုကိုအခြေခံသော ကမ္ဘာလှည့်ခရီးသွားများနှင့်ပတ်သက်သည့် အခွင့်အလမ်းများရရှိလာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်မည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News