MT News
Written by Min Mahar

တာချီလိတ်မြို့ရှိ ပြည်ခိုင်ဖြိုး(USDP) ပါတီရုံး ဗုံးလေးလုံးပေါက်ကွဲမှုဆက်တိုက်ဖြစ်ပွားပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် အမျိုးသား ၃ ဦး ဒဏ်ရာရရှိမှု ဖေဖော်ဝါရီ ၂၇ ရက် မနက်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၉ နာရီခွဲလောက်က ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ (မြန်မာ – ထိုင်းနယ်စပ်ဒေသ)၊ မကာဟိုခမ်းရပ်ကွက်အတွင်း ရွှေတိဂုံဘုရားလမ်းဘေးရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)ရုံးအနောက်ဘက်တွင် ပထမအကြိမ်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရးမှူးတို့အဖွဲ့ လာရောက်ကြည့်ရှုစဉ် ၉ နာရီ ၄၅ မိနစ်တွင် နောက်ထပ်ဗုံး ၃ လုံး ဆက်တိုက်ပေါက်ကွဲမှုဖြစ်ပွားကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် အမျိုးသား ၃ ဦး(မစိုးရိမ်ရ)ပါ ဗုံးစများထိမှန်ခဲ့ကြောင်း သိရသည်။

“ကြံ့ခိုင်ရေးရုံးအနောက်ဘက်မှာ ဗုံးကွဲလို့ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဝင်တွေက သွားကြည့်ကြချိန်မှာ နောက်ထပ် ဗုံးသုံးလုံး ရှေ့ဆင့်နောက်ဆင့်ထပ်ပေါက်ကွဲခဲ့ပြီးတော့ အုပ်မှူးနဲ့အတူ အခြားအမျိုးသား ၃ ဦးပါထိသွားသေးတယ်။ ဒါပေမဲ့ ကြီးကြီးမားမားတော့ မထိသွားဘူးကြားရတယ်။ ပေါက်ကွဲမှုနားက အိမ်တွေတော့ မှန်တွေပါ ကွဲသွားသေးတယ်။ ချိန်ကိုက်မိုင်းလို့လည်း ပြောသံကြားတယ်” ဟု အခင်းဖြစ်ရာအနီးတွင်နေထိုင်သည့် ဒေသခံတစ်ဦးက MT News သို့ ပြောသည်။

အဆိုပါပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် တာချီလိတ်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြကာ သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များလည်း ချက်ချင်းရောက်ရှိလာပြီး လမ်းများအားပိတ်ဆို့ကာ လိုက်လံစုံစမ်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *

Related News