သင်္ကန်းဝတ်တရားခံ၊ ယာဥ်မောင်းနှင့် ဖမ်းမိလက်နက်ခဲယမ်းများ တွေ့ရစဥ်

MT News

သာသနာ့ယာဥ်ပေါ်  လက်နက်များသယ်ဆောင်လာသည့် သင်္ကန်းဝတ်တစ်ဦးနှင့် ယာဥ်မောင်းအား မကွေး PDF ထံ ပို့ဆောင်မည့် လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိခဲ့သည်ဟု သိရသည်။

ဖြစ်စဥ်မှာ ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းတွင် သထုံမြို့၊ ကော့ကရိတ်-သထုံကားလမ်း၊ သထုံမြို့အထွက်ကားဂိတ်၌ ကျိုက်ထိုမြို့ဘက်မှ မော်လမြိုင်မြို့ဘက်သို့မောင်းနှင်လာသည့် ယာဉ်အမှတ်၊ YGN/RLG-2396 ပရာဒိုယာဉ်အား ရပ်တန့်ရှာဖွေစစ်ဆေးခဲ့ရာ ယာဉ်မောင်း ဝင်းဇော်နှင့် ဇော်လွင်ဦး(ခ) ဦးတေဇောဘာသတို့အား MK-12 သေနတ် ၂ လက်၊ M-4ကာဘိုင် ၂ လက်၊ M-16 သေနတ် ၁ လက်၊ ပွိုင့်-၃၈၀ ရိုင်ဖယ် ၁လက်၊ AK-47 သေနတ် ၁ လက်၊ Glock ပစ္စတို ၁၀ လက်၊ Sigsauer ပစ္စတို ၃ လက်၊ ကျည်မျိုးစုံ ၃၉၈၀ တောင့် ၊ ကျည်အိမ်မျိုးစုံ ၄၆ ခု၊ ရီမုခလုတ် ၄၉ ခု တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်တွင် တရားခံ ကျား ၂ ဦးနှင့်အတူ လက်နက်ငယ်မျိုးစုံ ၂၀ လက်၊ ကျည်မျိုးစုံ ၃၉၈၀ တောင့်၊ ကျည်အိမ်မျိုးစုံ ၄၆ ခု၊ ရီမုခလုတ် ၄၉ ခု တို့အား သိမ်းဆည်းရမိခဲ့ပြီး တရားခံများ၏ ထွက်ဆိုချက်အရ တရားခံ ဝင်းဇော်နှင့် ဇော်လွင်ဦး(ခ) ဥူးတေဇောဘာသ တို့ ၂ ဦးသည် ၂၀၂၁ ခုနှစ်၊ မတ်လခန့်တွင် KNLA တပ်မဟာ(၆) လှုပ်ရှားနယ်မြေ လေးကေ့ကော်၌ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေးသင်တန်းအား ၁ လခန့် တက်ရောက်ခဲ့သည်ဟု သိရသည်။

အကြမ်းဖက်သင်တန်းတက်ရောက်စဉ် ရင်းနှီးခဲ့သည့် ဖမ်းဆီးရန်ကျန်တရားခံ ဆရာမိုး၊ မြဝတီမြို့နေသူ၏ ချိတ်ဆက်ပေးမှုဖြင့် CRPH နှင့် NUG မှ KNLA တပ်မဟာ(၆)ထံမှ ဝယ်ယူခဲ့သည့် လက်နက်/ ခဲယမ်းများအား မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အတွင်း လှုပ်ရှားလျက်ရှိသည့် မြိုင် PDF အမည်ခံအကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးရန်ကျန်တရားခံ ရဲသော်တာ(ခ)ကျောက်တိုင်၊ ဗိုလ်လင်္ကျာနှင့် မြိုင်ကြီး(ခ)ယက္ခ တို့ထံသို့ အခကြေးငွေရယူ၍ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဖမ်းမိတရားခံများ၏ ထွက်ဆိုချက်အရ လက်နက်/ခဲယမ်းများအား မွေ့ယာ၊ မြက်ဖျာများ၊ အဝတ်အစားဘေထုပ်အိတ်များနှင့် မုန့်ပုံးများအတွင်း၌ ထည့်သွင်းသိုဝှက်၍ ခရီးသည်တင်ကားများဖြင့်ပို့ဆောင်ခြင်း၊ လိုင်စင်မဲ့မော်တော်ယာဉ်များအား သာသနာပိုင်ယာဉ်၊ လူမှုကယ်ဆယ်ရေးယာဉ် နံပါတ်ပြားများတပ်ဆင်၍ ပုံမှားရိုက်ခရီးသွားဟန်လွဲ ပြုလုပ်ပို့ဆောင်ခြင်း၊ ယာဉ်အောက်ကြမ်းခင်းများအတွင်း အံဝှက်များပြုလုပ်၍ ထည့်သွင်းပို့ဆောင်ကာ လမ်းကြောင်းတစ်လျှောက် အဆင့်ဆင့်လက်ပြောင်းလက်လွှဲပြုလုပ်၍ လျှို့ဝှက်စွာသယ်ဆောင်ခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဦးမှုသတင်းရယူကာ စနစ်တကျပိတ်ဆို့ရှာဖွေစစ်ဆေးမှုများကြောင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News