၂၈. ၂. ၂၀၂၃
Written by Peya

ဇွဲကပင်တောင်ပေါ် သို့ ဘုရားဖူးရန် တက်သူ အသက် ၅၀ ကျော် အမျိုးသားတစ်ဦး လမ်းတွင် အမောဖောက်ကာ သေဆုံးသွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဘားအံ) ထံက သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၇ ရက် နေ့လည် ၁၁ နာရီအချိန်က လုမ္မနီဥယျာဉ်ဘက်ခြမ်း ဇွဲကပင်တောင်တက်လမ်း၊ အထက်ရေတံခွန်အကျော် ကရင်မောင်နှမနတ်နန်းအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၅၆ နှစ် အရွယ် အမျိုးသားတစ်ဦး အမောဖောက်ခဲ့သည်ဟု သတင်းရခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“သူက နှလုံးရောဂါ အခံရှိတယ်လို့ သူ့သားက ပြောပါတယ်။ သူက ဘုရားတက်ဖူးတာ။ တောင်ပေါ်က သူ့ဆီ ရောက်ဖို့အတွက်ကို ၄၅ မိနစ်လောက် တက်ရပါတယ်။ သူ့အနားက လူက အရေးပေါ် အသက်ကယ်တွေ ဘာတွေ လုပ်ပေးတယ်လို့ ပြောပါတယ်။ ဒါပေမယ့် မရတော့ဘူး” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

ဖြစ်စဉ်နေရာသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ (ဘားအံမြို့နယ်) ၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဘားအံ) အပါအဝင် လူမှုကယ်ဆယ်ရေးအဖွဲ့များမှ အဖွဲ့ဝင် စုစုပေါင်း အင်အား ၄၀ ကျော်ဖြင့် သွားရောက်ခဲ့ကြကြောင်း သိရသည်။

လူနာ သေဆုံးသွားသည့်အတွက် ကယ်ဆယ်ရေးအဖွဲ့များမှ ဇွဲကပင်တောင်ခြေသို့ သယ်ဆောင်ခဲ့ပြီး ပေးဆပ်သူ လူမှုကယ်ဆယ်ရေးအဖွဲ့ (မြိုင်ကလေး) မှ လူနာတင်ယာဉ်ဖြင့် လူနာ၏နေရပ် မြိုင်ကလေးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News