MT News

Written by Myo Khine

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများမှ ဘင်္ဂါလီ ၃၀ ကျော်ကို မောင်တောမြို့နယ်အတွင်း တပ်မတော်(ရေ)က ဖေဖော်ဝါရီ ၂၆ ရက် တွင် ဖမ်းမိခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူက MT News သို့ အတည်ပြုပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ကျောက်ပန္ဒူကျေးရွာဘက်သို့ ဦးတည်ခုတ်မောင်းလာသော မသင်္ကာဖွယ်စက်လှေတစ်စီးကို လှည့်ကင်းလှည့်နေသော တပ်မတော်(ရေ)မှ စစ်ရေယာဉ်က တွေ့ရှိခဲ့သောကြောင့် အချက်ပြခေါ်ယူစဉ် မလာဘဲ စက်လှေကို မောင်းနှင်ထွက်ပြေးသည့်အတွက် လိုက်လံဖမ်းဆီးခဲ့ကြောင်း သိရသည်။

ယင်းတို့ကို ကျောက်ပန္ဒူကျေးရွာ၏ အနောက်မြောက်ဘက်(၁)မိုင်ကျော်ခန့်အကွာတွင် ဖမ်းဆီးမိခဲ့ကြောင်း၊ စက်လှေပေါ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကူတူပါလောင်၊ ဘာလူခါလီနှင့် နီလာဒုက္ခသည်စခန်းများမှ ဘင်္ဂါလီ အမျိုးသား ၂၁ ဦး၊ အမျိုးသမီး ၁ဝ ဦး၊ စက်လှေမောင်းသော ဘင်္ဂါလီ ကျား ၃ ဦး ၊ စုစုပေါင်း ၃၄ ဦးတို့ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဟုတ်တယ်။ ဖမ်းမိတာ။ မောင်တောမြို့နယ်ထဲက ကျောက်ပန္ဒူရွာနားမှာ ဖမ်းမိတာပါ။ ရေတပ်က စစ်ရေယာဉ်နဲ့ ကင်းလှည့်တဲ့အခါ တွေ့တာပေါ့။ ထုံးစံအတိုင်း မလေးရှားကို သွားကြမှာပေါ့။ ပွဲစားနဲ့ချိတ်ဆက်ပြီးကနဦး စစ်ဆေးတဲ့အခါ စက်လှေမောင်းတာက စစ်တွေမြို့ဘုမေရွာက င်္ဘဂါလီတွေ။ ပွဲစားတွေကို ဖော်ထုတ်ဖို့ လိုအပ်တဲ့ စစ်ဆေးချက်တွေ လုပ်နေကြတုန်းဖြစ်ပါတယ်”ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

၎င်းတို့မှာ မြန်မာနိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံသို့ သွားရောက်လိုသူများဖြစ်ပြီး လူတစ်ဦးလျှင် ငွေကျပ်သိန်း ၇၀ ဖြင့် ပို့ဆောင်ပေးမည်ဟု ပွဲစားက ပြောဆိုသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာပ်ဖ်မြို့ဆိပ်ကမ်းမှ စက်လှေဖြင့် ထွက်ခွာခဲ့ခြင်းဖြစ်ပြီး အုန်းကျွန်းအနီးတွင် မြန်မာနိုင်ငံဘက်မှ လာရောက်ခေါ်ဆောင်သည့် စက်လှေပေါ်ပြောင်းစီးကာ ရသေ့တောင်မြို့နယ်၊ အာကာတောင်ကျေးရွာသို့ ဦးတည်ခုတ်မောင်းလာကြခြင်းလည်း ဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးရမိ ဘင်္ဂါလီများအား လဝက ဥပဒေဖြင့် အမှုဖွင့်အရေးယူမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News