










◾️ နိုင်ငံတော်ကို ဒီမိုကရေစီစနစ်ဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ဆောင်ရွက်မည့် အစိုးရသစ်ကို သင့်တင့်ကောင်းမွန်သည့် အခြေခံများဖြင့် လွှဲပြောင်းပေးနိုင်တော့မည်ဖြစ်ကြောင်း သမ္မတအဖြစ် ရွေးကောက်ခြင်းခံရသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား
◾️ ပြီးခဲ့သည့် ငါးနှစ်အတွင်း နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးပြန်လည်ဦးမော့လာရန် ခက်ခက်ခဲခဲ ကြိုးစားရုန်းကန် ဆောင်ရွက်ခဲ့ရဟု ရှင်းလင်းပြောကြား
◾️ ယင်းကာလအတွင်း အချို့အကြီးအကဲများနှင့် ခေါင်းဆောင်မှု တာဝန်ယူထားသူအချို့သည် တိုင်းပြည်နှင့် လူမျိုးအပေါ် တာဝန်ပျက်ကွက်ခြင်း၊ ပေါ့ဆမှုနှင့် လုပ်ဆောင်မှုလွဲမှားခြင်းများနှင့် လုပ်ထုံးလုပ်နည်းနှင့် မညီသည်များရှိခဲ့သည်ကို စိတ်မကောင်းစွာ ကြုံတွေ့ခဲ့ရခြင်းကြောင့် မလွှဲမရှောင်သာ လက်တွဲဖြုတ်ခဲ့ရဟု ပြောကြား
၅. ၄. ၂၀၂၆
Written by Nyein Kyaw



ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတ၏ ဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင် ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီဥက္ကဋ္ဌရုံး၊ သဘင်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ပြုအထိမ်းအမှတ် လက်ဆောင်များ ချီးမြှင့်သည်။
မိမိတို့အနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးပြန်လည်ဦးမော့လာရန် အခြေခံများကို ခက်ခက်ခဲခဲ ကြိုးစားရုန်းကန် ဆောင်ရွက်ခဲ့ကြရကြောင်း၊ ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံနှင့်ပြည်သူများအတွက် စွန့်လွှတ်စွန့်စားစွာ တာဝန်ထမ်းဆောင်ခဲ့ကြသူများ၊ နိုင်ငံတော်နှင့် ပြည်သူလူထုကို သစ္စာစောင့်သိပြီး တာဝန်ကျေခဲ့သည့်သူများ အများအပြားရှိခဲ့ကြသဖြင့် ယခုကဲ့သို့တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်စအခြေအနေကို ပြန်လည်ရောက်ရှိခဲ့ရခြင်းဖြစ်ကြောင်း၊ ထိုကြောင့် နိုင်ငံတော်နှင့် ပူးပေါင်းပြီး စွန့်လွှတ်စွန့်စားစွာဖြင့် အန္တရာယ်ကိုမမှုဘဲ ရဲရဲဝံ့ဝံ့ဆောင်ရွက်ခဲ့ကြသူအားလုံးကို ယခုနေရာမှ ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်းနှင့် ကျေးဇူးအထူးတင်ရှိသည်ကို ဂုဏ်ပြု စကားပြောကြားလိုကြောင်း
ထိုသို့ ဆောင်ရွက်ခဲ့ကြရာတွင် အစိုးရ၏ဦးစီးဦးဆောင်မှုသည် အရေးကြီးသကဲ့သို့ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည်လည်း အဓိကကျကြောင်း၊ နိုင်ငံတော်အဆင့်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဒေသအလိုက်၊ ကဏ္ဍအလိုက် ချမှတ်ပေးထားသည့် ဦးတည်ချက်များ၊ ရည်မှန်းချက်များကို အောင်မြင်အောင် ဆောင်ရွက်ရသည်မှာ လွယ်ကူသည့် အလုပ်မဟုတ်ကြောင်း၊ သာမန်အချိန်၌ပင် မလွယ်ကူသည့် တာဝန်များကို ယခုကဲ့သို့ အခက်အခဲမျိုးစုံကြားမှ လုပ်ဆောင်ရခြင်းသည် ပိုမိုခက်ခဲကြမ်းတမ်းပါကြောင်း၊ တော်ရုံတန်ရုံစိတ်ဓာတ်မျိုး၊ ဝတ်ကျေတန်းကျေ လုပ်ဆောင်မှုမျိုးဖြင့် အောင်မြင်မှုရမည်မဟုတ်ဘဲ လက်ရှိအခြေအနေကို ရောက်မလာနိုင်ကြောင်း။
အားလုံးသိသည့်အတိုင်း မည်သည့်လုပ်ငန်းတွင်မဆို ခေါင်းဆောင်မှုသည် အဓိကကျကြောင်း၊ ဦးစီးဦးဆောင် အကောင်အထည်ဖော်ကြရသည့် အကြီးအကဲများ၏တာဝန်သည် အလွန်အရေးကြီးကြောင်း၊ မိမိတို့ တာဝန်ယူစဉ်ကာလတွင် ချမှတ်ခဲ့သည့် ဦးတည်ချက်များ၊ ရည်မှန်းချက်များ၊ အမျိုးသားရေးတာဝန်များကို မိမိနှင့်အတူ ယုံယုံကြည်ကြည်၊ ကြိုးစားပမ်းစား စိတ်ရင်းစေတနာကောင်းများဖြင့် အကောင်အထည်ဖော်ပေးကြသည့် မိမိ၏လုပ်ဖော်ကိုင်ဘက်များဖြစ်သည့် ယခုတက်ရောက် လာကြသူများအားလုံးကို မိမိအစဉ်အမြဲ သတိရနေမည်ဖြစ်ကြောင်း၊ လေးလေးစားစားဖြင့်ဂုဏ်ယူပြီး အသိအမှတ်ပြုကျေးဇူးတင်နေမည် ဖြစ်ကြောင်းကိုလည်း ပြောကြားလိုကြောင်း။

ခေါင်းဆောင်မှုသည် နေရာတိုင်း၌အရေးကြီးသည်ကို မိမိပြောခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့ တာဝန်ယူခဲ့သည့် ၅ နှစ်တာကာလအတွင်း၌ အချို့အကြီးအကဲများနှင့် ခေါင်းဆောင်မှု တာဝန်ယူထားသူအချို့သည် တိုင်းပြည်နှင့်လူမျိုးအပေါ် တာဝန်ပျက်ကွက်ခြင်း၊ ပေါ့ဆမှုနှင့် လုပ်ဆောင်မှုလွဲမှားခြင်းများနှင့် လုပ်ထုံးလုပ်နည်းနှင့် မညီသည်များအချို့ရှိခဲ့သည်ကို စိတ်မကောင်းစွာ ကြုံတွေ့ခဲ့ရကြောင်း၊ ထို့ကြောင့်လည်း အခက်အခဲကြားက နိုင်ငံကိုတည်ဆောက်ရာတွင် မဖြစ်သင့်မဖြစ်ထိုက်သည် များမဖြစ်ရအောင် ထိန်းထိန်းသိမ်းသိမ်းဖြင့် မလွှဲမရှောင်သာ ဆောင်ရွက်ရခြင်း၊ လက်တွဲဖြုတ်ခဲ့ရခြင်းများရှိခဲ့သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း။
ထိုသို့ လူပုဂ္ဂိုလ်များကြားမှ ယခုအခမ်းအနားကို တက်ရောက်ပေးကြသည့် ပုဂ္ဂိုလ်များသည် မိမိတို့တာဝန်ယူခဲ့သည့် ၅ နှစ်တာကာလ အစအဆုံးတွင် ပေးအပ်သည့် တာဝန်များကို သစ္စာရှိရှိဖြင့် ကျေပွန်အောင် ကြိုးစားထမ်းဆောင်ခဲ့သည်ကို တွေ့ရကြောင်း၊
ထို့ကြောင့်လည်း မကြာမီရက်ပိုင်းအတွင်း၌ နိုင်ငံတော်ကို ဒီမိုကရေစီစနစ်ဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ဆောင်ရွက်မည့် အစိုးရသစ်ကို သင့်တင့်ကောင်းမွန်သည့် အခြေခံများဖြင့် လွှဲပြောင်းပေးနိုင်တော့မည်ဖြစ်ကြောင်း၊ ထိုသို့ နိုင်ငံတော်၊ အစိုးရနှင့်ပြည်သူလူထုကို သစ္စာစောင့်သိပြီး တာဝန်ကျေပွန်စွာဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုများကို မိမိအနေဖြင့်လေးလေးစားစား အသိအမှတ်ပြုကြောင်း။
မိမိကိုယ်တိုင်လည်း ဦးစီးဦးဆောင် အကြီးအကဲဖြစ်သဖြင့် ယခု ၅ နှစ်တာကာလ၏အခက်အခဲများ၊ အန္တရာယ်များ၊ အကျပ်အတည်းများကို သိရှိပြီးဖြစ်သကဲ့သို့ ကိုယ်ချင်းလည်းစာနာမိကြောင်း၊ ထိုအထဲမှ ကြိုးကြိုးစားစားဖြင့် သစ္စာရှိရှိ၊ တာဝန်ကျေကျေ၊ အပြစ်ကင်းကင်း ဆောင်ရွက်ခဲ့ကြသည်များကို လေးလေးစားစား အသိအမှတ်ပြု၊ မှတ်တမ်းတင်လိုသဖြင့် ယခုအခမ်းအနားကိုကျင်းပပြီး ဂုဏ်ပြုခြင်းဖြစ်ကြောင်း။
ထို့နောက် ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတ၏ ဂုဏ်ပြုအထိမ်း အမှတ်လက်ဆောင်များကိုချီးမြှင့်ပေးအပ်ရာ ဦးစွာ ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင် အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီး များကို ဂုဏ်ပြုအထိမ်းအမှတ် လက်ဆောင်များပေးအပ်ချီးမြှင့်သည်။
ထိုနောက် ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတ၏ ဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင်များကို ချီးမြှင့်ပေးအပ်ရာ ဦးစွာရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများကို ဂုဏ်ပြုအထိမ်းအမှတ် လက်ဆောင်များပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များကို ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတ၏ ဂုဏ်ပြု အထိမ်းအမှတ်လက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင် အဖွဲ့ဝင် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့က ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများနှင့် အဆင့်တူပုဂ္ဂိုလ်များကို ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတ၏ ဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင်များကို ပေးအပ်ချီးမြှင့်သည်။
