
၅.၄.၂၀၂၆
Written by Nay Yaung
မနက်ဖြန်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုတင်ပြမည့် ပြည်ထောင်စုအစိုးရဝန်ကြီးဌာန အရေအတွက်၊ အမည်နှင့် ပြည်ထောင်စုဝန်ကြီးဦးရေ သတ်မှတ်ခြင်းတို့ကို လွှတ်တော်သို့ တင်ပြမည်ဖြစ်ကြောင်း အစည်းအဝေး (လျာထားချက်) အစီအစဉ်အရ သိရသည်။
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ အစီအစဉ်ကို ဧပြီ ၆ ရက်၊ နံနက် ၁၀ နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး အစီအစဥ် ၁၉ ရပ်ဖြင့် ကျင်းပသွားမည်ဖြစ်သည်။
ဦးစွာ ပြည်ထောင်စုလွှတ်တော် နာယက နေရာယူပြီးနောက် ပြည်ထောင်စုလွှတ်တော် တတိယနေ့ အစည်းအဝေးအစီအစဉ်ကြေညာမည်ဖြစ်ပြီး အစည်းအဝေးမတက်ရောက်နိုင်သော ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအတွက် ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှုအခြေအနေကို အတည်ပြု မှတ်တမ်းတင်မည်ဖြစ်သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေး ကော်မတီ ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်၏ သဘောတူညီချက်ရယူခြင်းနှင့် အတည်ပြုဖွဲ့စည်းကြောင်း ကြေညာမည်ဖြစ်သည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အဆိုပြုတင်ပြသော ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဦးရေ သတ်မှတ်နိုင်ရေးနှင့် ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်၏ အမည်စာရင်းတို့နှင့်စပ်လျဉ်း၍ လွှတ်တော်သို့ တင်ပြမည်ဖြစ်ပြီး အထက်ပါကိစ္စနှင့်စပ်လျဉ်း၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်းကို ဆောင်ရွက်မည်ဖြစ်သည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုတင်ပြသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးရေ၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ အမည်စာရင်းကို လွှတ်တော်သို့ တင်ပြမည်ဖြစ်ပြီး အထက်ပါကိစ္စနှင့်စပ်လျဉ်း၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာမည်ဖြစ်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုတင်ပြသော ပြည်ထောင်စုအစိုးရဝန်ကြီးဌာန အရေအတွက်၊ အမည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးရေ သတ်မှတ်ခြင်းကို လွှတ်တော်သို့ တင်ပြမည်ဖြစ်ပြီး အထက်ပါကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာမည်ဖြစ်သည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုတင်ပြသော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၏ အမည်စာရင်းကို လွှတ်တော်သို့ တင်ပြမည်ဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာမည်ဖြစ်သည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုတင်ပြသော ပြည်ထောင်စုရှေ့နေချုပ် အဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်၏ အမည်စာရင်းနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်၏ အမည်စာရင်းတို့ကို လွှတ်တော်သို့ တင်ပြမည်ဖြစ်ပြီး ယင်းနှင့်စပ်လျဉ်း၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက အစည်းအဝေး တတိယနေ့ ရပ်နားကြောင်းနှင့် စတုတ္ထနေ့ ကျင်းပမည့် နေ့ရက်နှင့် အချိန်ကို ကြေညာမည်ဖြစ်သည်။
