


၅.၄.၂၀၂၆
Written By Min Thet
တရုတ်မယားအဖြစ်ရောင်းစားခံခဲ့ရပြီးနောက် နှိပ်စက်ခံရ၍ ချိုင်းထောက်ဖြင့်နေရသည့် အမျိုးသမီးတစ်ဦး ထွက်ပြေးလွတ်မြောက်လာကြောင်း လူမှုကူညီရေးအသင်းက သိရသည်။
ဧပြီလ ၂ ရက်တွင် တရုတ်နိုင်ငံဘက်က မြန်မာနိုင်ငံသို့ နယ်စပ်ဂိတ်ပေါက်မှတစ်ဆင့် တရားဝင် ပြန်ပို့သည့် အမျိုးသမီး ၁၄ ဦးထဲတွင် အဆိုပါ အသက် ၄၅ နှစ်အရွယ် မအာလေးမီး ဆိုသည့် အမျိုးသမီး ပါဝင်လာ ခြင်းလည်း ဖြစ်သည်။
မအာလေးမီးကသူ့အနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လိုကြောင်းပြော၍ တရုတ်နိုင်ငံသားခင်ပွန်းဖြစ်သူက မသွားနိုင်ရန် ခြေဖနောင့်ကြောကို ဓားဖြင့်လှီးဖြတ်ခဲ့ကြောင်း ပြန်ရောက်လာသည့် မအာလေးမီး၏ ပြောပြချက်ရုပ်သံဖိုင်အရ သိရသည်။
ထွက်ပြေးလွတ်မြောက်လာသော မအာလေးမီးအား မူဆယ်နန်းတော်ပေါက်တွင် သုံးဘီးကယ်ရီဆွဲသူတစ်ဦးက စေတနာဖြင့် ခေါ်ဆောင်ကာ မြင့်မြတ်ပါရမီ အသင်းရုံးထံ အကူအညီတောင်းခံပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
“လှီးဖြတ်ခံရတဲ့ သူ့ဒဏ်ရာကိုလည်း စနစ်တကျ ကုသတာ မခံရဘူး။ နီးစပ်ရာဆေးခန်းမှာ ကုနေတာ။ဆေးခန်းကနေ ထွက်ပြေးလာတာကနေ ရဲစခန်းတစ်ခုကို ဝင်ပြောတာဖြစ်လို့ မြန်မာဘက် ပြန်ပို့တာလို့ သိရတယ်။ အဲဒီ အချိန်မှာ နန်းတော်ပေါက်က ကယ်ရီသမားက သူ့ကို ခေါ်လာတာ။ သူ့ဆွေမျိုးတွေနဲ့ ချိတ်ဆက်ပြီး ၃ ရက်နေ့ကပဲ မြစ်ကြီးနားကို ပြေးတဲ့ လင်းကမ္ဘာ(ကိုရာဇာ) လိုင်းကားက အခမဲ့ခေါ်ဆောင်သွားခဲ့ပြီ”ဟု မြင့်မြတ်ပါရမီ အသင်းဝင်တစ်ဦးက MT News ကို ပြောသည်။
မအာလေးမီးအနေဖြင့် လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ (၁) ရပ်ကွက်၊ မန်ခင်အုပ်စုတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
ထိုအချိန် မအာလေးမီးအား အသိအမျိုးသမီးတစ်ဦးက တရုတ်ပြည်၌အလုပ်ရမည်ဟု စည်းရုံးသိမ်းသွင်းကာ ယူနန်ပြည်နယ်၊ ပေါင်စန်းမြို့မှ ယခု လက်ရှိ ခင်ပွန်းတရုတ်အမျိုးသားထံ ယွမ် ၈ သောင်းဖြင့် လိမ်လည်ရောင်းစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုအခါ အဆိုပါ တရုတ်နိုင်ငံသား ခင်ပွန်းဖြစ်သူနှင့် သမီးတစ်ဦး၊ သားတစ်ဦး ထွန်းကားနေပြီး မြန်မာနိုင်ငံ သို့ မပြန်နိုင်ရန် ခင်ပွန်းဖြစ်သူက ဓားဖြင့်လှီးဖြတ်ခြင်းခံထားရသည့် ခြေဖနောင့် ဒဏ်ရာကြောင့် ချိုင်းထောက်ဖြင့် လမ်းလျှောက်နေရကြောင်းလည်း သိရသည်။
