၂.၄.၂၀၂၆
Translated by Htwe Ko Tun
အင်ဒိုနီးရှားနိုင်ငံ၊ မြောက်ဆူလာဝီစီ ပြည်နယ်ကမ်းရိုးတန်းမှာ ပြင်းအား ၇ ဒသမ ၄ မဂ္ဂနီကျူ့ရှိတဲ့ ငလျင်ကြီးတစ်ခု ဧပြီလ ၂ ရက်က လှုပ်ခတ်ခဲ့တာမှာ အနည်းဆုံး လူတစ်ဦးသေဆုံးခဲ့ပြီး ၇၅ စင်တီမီတာ (၂ ဒသမ ၅ ပေ) အထိရှိသော လှိုင်းလုံးများ ဖြစ်ပေါ်စေခဲ့ပြီး ဆူနာမီသတိပေးချက်လည်းထုတ်ပြန်ခဲ့ကာ နောက်ပိုင်းမှာတော့ ပြန်လည်ရုပ်သိမ်းခဲ့တယ်လို့ သိရပါတယ်။
အမေရိကန် ဘူမိဗေဒလေ့လာရေးအဖွဲ့က (USGS) က ငလျင်ဟာ ဆူလာဝီစီနဲ့ မာလူကူကျွန်းစုတွေကြားရှိ မာလူကူပင်လယ်အတွင်း ရေတိမ်အနက် ၃၅ ကီလိုမီတာမှာ နံနက်အစောပိုင်းမှာလှုပ်ခတ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။


မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပဗေဒအေဂျင်စီ (BMKG) က နေရာငါးခုတွင် ဆူနာမီလှိုင်းတွေ ဖြစ်ပွားခဲ့ပြီး အမြင့်ဆုံးမှာ မြောက်ဆူလာဝီစီပြည်နယ်ရှိ မြောက်မီနာဟာဆာမှာ သုည ဒသမ ၇၅ မီတာ (၂ ဒသမ ၄၆ ပေ) ရှိခဲ့တယ်လို့ဆိုပါတယ်။ နောက်ဆက်တွဲငလျင် ၁၁ ခုအနက် အကြီးဆုံးမှာ ၅ ဒသမ ၅ မဂ္ဂနီကျူ့ ပြင်းအားရှိခဲ့လို့ ဒေသခံလူထုကို သတိရှိကြဖို့ နှိုးဆော်ခဲ့ပါတယ်။
မြောက်ဆူလာဝီစီပြည်နယ်၊ မာနာဒိုမြို့မှာတော့ ငလျင်ဒဏ်ကြောင့် အဆောက်အအုံတစ်ခု ပြိုကျတာမှာ လူတစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအရာရှိတစ်ဦးက AFP ကို ပြောကြားခဲ့ပါတယ်။ ပြိုကျပျက်စီးသွားတဲ့ အဆောက်အအုံရဲ့ အပျက်အစီးတွေအောက်မှာပဲ သေဆုံးသူကို မြှုပ်နှံထားခဲ့တယ်လို့ ထိုအရာရှိက ဆိုပါတယ်။
ဟာဝိုင်အီအခြေစိုက် ပစိဖိတ်ဆူနာမီသတိပေးစင်တာ (PTWC) က အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် မလေးရှား ကမ်းရိုးတန်းတစ်လျှောက် ငလျင်ဗဟိုချက်မှ ကီလိုမီတာ ၁,၀၀၀ (၆၂၁ မိုင်) အတွင်း အန္တရာယ်ရှိသော ဆူနာမီလှိုင်းတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ကနဦးမှာ ပြောကြားခဲ့ပါတယ်။
BMKG ရဲ့ အဆိုအရ ငလျင်လှုပ်ပြီး နာရီဝက်အတွင်း ဆူလာဝီစီကျွန်းရဲ့ မြောက်ပိုင်းဒေသတွေဖြစ်တဲ့ မြောက်မီနာဟာဆာမှာ ၇၅ စင်တီမီတာနဲ့ ဘီတန် မှာ ၂၀ စင်တီမီတာအထိရှိသော လှိုင်းတွေကို မှတ်တမ်းတင်နိုင်ခဲ့တယ်လို့သိရပါတယ်။
မြောက်မာလူကူပြည်နယ်မှာလည်း ၃၀ စင်တီမီတာအမြင့်ရှိတဲ့ ရေလှိုင်းတွေ တိုက်ခတ်ခဲ့ပါတယ်။ ငလျင်လှုပ်ပြီး နှစ်နာရီကျော်အကြာမှာတော့ PTWC က ဆူနာမီခြိမ်းခြောက်မှု သတိပေးချက်ကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။
အင်ဒိုနီးရှားနဲ့ အိမ်နီးချင်းနိုင်ငံတွေဟာ ပစိဖိတ်ဒေသအတွင်း Ring of Fire လို့ခေါ်ကြတဲ့ ဒေသအတွင်း တည်ရှိနေပါတယ်။ ဒီဒေသအတွင်း ဂျပန်မှ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသတစ်လျှောက် ကျယ်ပြန့်သော ကမ္ဘာ့မြေလွှာကြောတွေ တိုက်မိမှုကြောင့် ပြင်းထန်တဲ့ ငလျင်လှုပ်ရှားမှုတွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။
၂၀၀၄ ခုနှစ်က ပြင်းအား ၉ ဒသမ ၁ မဂ္ဂနီကျူ့ ရှိတဲ့ ငလျင်တစ်ခု အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်မှာ လှုပ်ခတ်ခဲ့တာမှာ ဆူနာမီလှိုင်းတွေ ဖြစ်ပေါ်စေခဲ့ပြီး သေဆုံးသူ လူ ၁၇၀,၀၀၀ ရှိခဲ့ပါတယ်။
Ref : Jakarta Post


