၂.၄.၂၀၂၆
Written By Min Thet
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး၏အရေးအပါဆုံး အာရှလမ်းမကြီးကို ယနေ့ ဧပြီလ ၂ ရက်တွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီအချိန်က ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လွန်းညရေပြာအိုင်အနီး၊ တံတားဦးကျေးရွာ၊ ဘားအံ – ကော့ကရိတ်လမ်းမပေါ်၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
လမ်းဖွင့်လှစ်ပြီးနောက် လူစီးယာဉ်၊ ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာနိုင်စေရန် တာဝန်ကျ လုံခြုံရေး ဝန်ထမ်းများနှင့် ယာဉ်ထိန်းရဲများက စနစ်တကျ ကူညီပေးခဲ့ကြကြောင်း သိရသည်။
ပြီးခဲ့သည့် နှစ် စက်တင်ဘာလ ၆ ရက်တွင် မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးကို တပ်မတော်က ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် အကြမ်းဖက်မှုကို လိုလားသော KNU အဖွဲ့ဝင်များနှင့် PDF ပူးပေါင်းအဖွဲ့က ဖျက်ဆီးခဲ့သည့် လမ်းပိုင်းများ၊ တံတားများကို ပြန်လည်ပြုပြင်ပြီးနောက် အထက်ပါအတိုင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
“အာရှလမ်းပြန်ဖွင့်တယ်။ ဒီနေ့ မနက်က ဖွင့်တာ။ ဖြတ်သန်းမောင်းနှင်ခွင့်ကို ကန့်သတ်မထားပါဘူး။ စစ်ဆေးတာတော့ လုံခြုံရေးအရ လုပ်ရတာ ရှိတာပေါ့။ ကျွန်တော်တို့ကတော့ ဝမ်းသာပါတယ်ဗျာ။ တချို့တွေကတော့ လမ်းပြန်ဖွင့်ရင်လည်း မလုံခြုံပါဘူးဆိုပြီးတော့ အပြုသဘောမဆောင်တဲ့ ပြောဆိုမှုတွေ ရှိနေတယ်။ ဒါပေမဲ့ ဒီလမ်းက ပိတ်ထားတာနဲ့ ဖွင့်ထားတာ ဘယ်အရာက ပိုပြီး တန်ဖိုးရှိသလဲဆိုတာ လူတိုင်းသိပါတယ်ဗျာ”ဟု မြဝတီဒေသခံတစ်ဦးက MT News ကို ပြောသည်။
အာရှလမ်းပြန်လည်ဖွင့်လှစ်ပါက မြဝတီက ရန်ကုန်ထိ အချိန်တိုအတွင်း သွားလာနိုင်သည့်အပြင် သယ်ယူပို့ဆောင်ရေးကဏ္ဍ ပိုမိုမြန်ဆန်ကာ ကုန်ကျစရိတ် ယခင်ထက် သက်သာမည် ဖြစ်သောကြောင့် ကုန်ဈေးနှုန်း အထိုက်အလျောက် လျော့ကျနိုင်မည် ဖြစ်ကြောင်း သိရသည်။
“အာရှလမ်းပြန်ဖွင့်တဲ့အတွက် ဘာတွေ အကျိုးကျေးဇူးရှိမလဲလို့ မေးရင် ပြောမကုန်ပါဘူး။ အာရှလမ်းရဲ့ အရေးပါမှုက လက်ရှိ ထိုင်းပစ္စည်းတွေ ဈေးတက်နေတာကိုပဲ ကြည့်တော့။ ဒါကြောင့် ဘာတွေ အကျိုးရှိမလဲလို့ မေးရင် ကုန်ဈေးနှုန်း ကျဆင်းနိုင်တဲ့အကျိုးကျေးဇူးက အဓိက အကျိုးကျေးဇူးပဲလို့ ပြောလို့ရပါတယ်၊ ဒီလမ်းဖွင့်ပြီးတာနဲ့ အမှတ် – ၂ တံတားလည်း ဖွင့်မယ်လေ။ လမ်းနဲ့ တံတားက ကုန်စည်အတွက် တစ်ဆက်တစ်စပ်တည်းပါ”ဟု ကုန်သည်တစ်ဦးက ပြောသည်။
ထိုင်းနိုင်ငံ၊ တာ့က်ခရိုင်၊ မဲဆောက်မြို့၊ ရတ်ချမနူတပ်ရင်း၌ ရတ်ချမနူတပ်ရင်းမှူး ဦးဆောင်သည့်အဖွဲ့နှင့် မြဝတီမြို့၊ ခလရ ၂၇၅ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဇော်ဟန်ဦး ဦးဆောင်သည့်အဖွဲ့တို့ ပြီးခဲ့သည့် မတ်လ ၂၅ ရက်က တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့စဉ်တွင် အဆိုပါ အာရှလမ်းနှင့် အမှတ်(၂)တံတားတို့ကို ပြန်လည် ဖွင့်လှစ်ရန် ကိစ္စများ ဆွေးနွေးခဲ့ကြကြောင်း MT News က ဖော်ပြပြီးလည်းဖြစ်သည်။
မြန်မာ-ထိုင်းနယ်စပ် မြဝတီ-မဲဆောက် အမှတ်(၂) ချစ်ကြည်ရေးတံတာားမှ ကုန်စည်သယ်ယူပို့ဆောင် သွားလာခြင်းကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၈ ရက် နံနက်မှစတင်ကာ ယာယီပိတ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က အာရှလမ်းပေါ်ရှိ တပ်မတော်စခန်းများကို အကြမ်းဖက်မှုကိုလိုလားသော KNU နှင့် PDF ပူးပေါင်းအဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ကာ ယာယီစိုးမိုးခဲ့သည့်အတွက် တပ်မတော်ဘက်က ပြန်လည်တိုက်ခိုက်ခဲ့ရာ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် ပြန်ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
အာရှလမ်းမကြီး သည် ရန်ကုန်-သီလဝါအထူးစီးပွားရေးဇုန်မှ ကရင်ပြည်နယ် မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းသို့ ဆက်သွယ်ထားသော ရန်ကုန်-ပဲခူး-ကျိုက်ထို-သထုံ-ဘားအံ-မြဝတီ ချိတ်ဆက်ထားသော အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးလည်းဖြစ်သည်။
သောင်ရင်းမြစ်ဖြတ်၍တည်ဆောက်ထားသော မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေး တံတားပေါ်မှ မြန်မာ-ထိုင်း နယ်စပ်မြဝတီနှင့်မဲဆောက်သို့ ခရီးသွားယာဉ်များ ဖြတ်သန်းသွားလာသကဲ့သို့ အမှတ်(၂) ချစ်ကြည်ရေးတံတားပေါ်မှ ကုန်စည်ပို့ဆောင်သယ်ယူရေးအတွက် ဖြတ်သန်း အသုံးပြုနေခြင်းလည်းဖြစ်သည်။
ပုံစာ။ အာရှလမ်းမကြီးပေါ် ယနေ့သွားလာနေမှုများမြင်ကွင်း (ဓာတ်ပုံ- ဘီဝမ်း)




