၂.၄.၂၀၂၆
Written by Linn Eain
မြန်မာ့မီးရထားက သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း ပုံမှန်ပြေးဆွဲနေသည့် ရထားများအပြင် နေပြည်တော်၊ ပြည်၊ မော်လမြိုင်ခရီးစဉ်များအတွက် အထူးရထားများ တိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း အထူးရထားများကို ဧပြီ ၁၀ ရက်၊ ၁၁ ရက်၊ ၁၂ ရက်၊ ၁၉ ရက်နှင့် ၂၀/၂၁ ရက်များတွင် ပြေးဆွဲသွားပေးမည်ဖြစ်ပြီး သင်္ကြန် အကြိုနေ့(ဧပြီ ၁၂ ရက်)မှ သင်္ကြန် အတက်နေ့(ဧပြီ ၁၆ ရက်)အထိ ပုံမှန်ပြေးဆွဲလျက်ရှိသည့် လူစီးအမြန်ရထားအချို့နှင့် ရန်ကုန်မြို့ပတ်ရထားများကို ပြေးဆွဲမှုခတ္တရပ်နားထားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာ့မီးရထားက ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာ ခရီးသွားလာနိုင်ရန်အတွက် ပုံမှန်ပြေးဆွဲလျက်ရှိသည့် ရထားများအပြင် တိုးချဲ့ပြေးဆွဲမည့် ခရီးစဉ်များမှာ ရန်ကုန်-နေပြည်တော်-ရန်ကုန်၊ ရန်ကုန်-ပြည်-ရန်ကုန်နှင့် ရန်ကုန်-မော်လမြိုင်-ရန်ကုန် ခရီးစဉ်တို့ဖြစ်ပြီး ထပ်တိုးပြေးဆွဲပေးသည့် ရန်ကုန်-ပြည်နှင့် ရန်ကုန်-မော်လမြိုင် အစုန်/အဆန် အထူးလေအိတ်ရထားများတွင် အထက်တန်း (၆) တွဲနှင့် ရိုးရိုးတန်း (၈) တွဲ၊ ဘရိတ်တွဲ (၁) တွဲဖြင့် ဝန်ချိန်ပြည့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ရန်ကုန်-နေပြည်တော်ရထားလမ်းပိုင်းတွင် အဆန်အထူးရထား(DEMU စပိန်)သည် ရန်ကုန်မှ နံနက် ၆ နာရီခွဲတွင် စတင်ထွက်ခွာကာ နေပြည်တော်သို့ မွန်းတည့် ၁၂ နာရီတွင် ရောက်ရှိမည်ဖြစ်ပြီး အစုန်အထူးရထား(DEMU စပိန်)သည် နေပြည်တော်မှ မွန်းလွဲ ၁၂ နာရီခွဲတွင် စတင်ထွက်ခွာပြီး ရန်ကုန်သို့ ညနေ ၆ နာရီခွဲတွင် ရောက်ရှိမည်ဖြစ်ကာ ဧပြီ (၁၀ ၊ ၁၁၊ ၁၂၊ ၁၉ ၊၂၀) ရက်များတွင် ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်-ပြည်ရထားလမ်းပိုင်းတွင် အဆန်အထူးလေအိတ်ရထားသည် ရန်ကုန်မှ မွန်းလွဲ (၁) နာရီ စတင်ထွက်ခွာပြီး ည (၈)နာရီ (၅၅) မိနစ်တွင် ပြည်မြို့သို့ ရောက်ရှိမည်ဖြစ်ကြောင်း၊ အစုန်အထူးလေအိတ်ရထားသည် ပြည်မြို့မှ ည (၁၀)နာရီခွဲ၌ စတင်ထွက်ခွာပြီး နံနက် (၆)နာရီခွဲတွင် ရန်ကုန်မြို့သို့ရောက်ရှိမည်ဖြစ်ကြောင်းနှင့် အဆိုပါ အဆန်အထူးလေအိတ်ရထားနှင့် အစုန်အထူး လေအိတ်ရထားတို့ကို ဧပြီ(၁၀၊ ၁၁၊ ၁၂၊ ၁၉၊ ၂၀)ရက်များတွင် ပြေးဆွဲသွားမည်ဖြစ်သည်။


ဆက်လက်၍ ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းတွင် အဆန်အထူးလေအိတ်ရထားသည် ရန်ကုန်မှ နံနက် (၉) နာရီ (၁၅) မိနစ်တွင် စတင်ထွက်ခွာပြီး မော်လမြိုင်သို့ ညနေ (၆) နာရီတွင် ရောက်ရှိမည်ဖြစ်ကာ ဧပြီ (၁၀၊ ၁၁၊ ၁၂၊ ၁၉၊ ၂၀) ရက်များတွင် ပြေးဆွဲမည်ဖြစ်ကြောင်း၊ အစုန်အထူး လေအိတ်ရထားသည် မော်လမြိုင်မှ မနက် (၉)နာရီ၊ (၁၅)မိနစ်တွင် ထွက်ခွာပြီး ရန်ကုန်မြို့သို့ ညနေ (၅) နာရီ၊ (၅၅) မိနစ်တွင် ရောက်ရှိမည်ဖြစ်ပြီး အဆိုပါရထားကိုမှု ဧပြီ (၁၁၊ ၁၂၊ ၁၉၊၂၀၊ ၂၁) ရက်များတွင် ပြေးဆွဲသွားမည်ဖြစ်သည်။
အထက်ပါ နေ့ရက်များအလိုက် ထပ်မံတိုးချဲ့ပြေးဆွဲပေးမည့် အထူးရထားများ၏ လက်မှတ်ခနှုန်းထားနှင့် ရပ်တန့်မည့်ဘူတာများမှာ နေ့စဉ်ပုံမှန်ပြေးဆွဲပေးလျက်ရှိသည့် ရထားများအတိုင်းဖြစ်ကြောင်းနှင့် ရထားစီးခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ရန်ကုန်-ပြည်-ရန်ကုန်နှင့် ရန်ကုန်-မော်လမြိုင်-ရန်ကုန်လမ်းပိုင်းတွင် အထက်တန်းလက်မှတ်အား (၃) ရက်ကြိုတင်၍လည်းကောင်း၊ ရိုးရိုးတန်းလက်မှတ်အား (၁) ရက်ကြိုတင်၍လည်းကောင်း သက်ဆိုင်ရာဘူတာများတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
ထို့အပြင် ရန်ကုန်-နေပြည်တော်-ရန်ကုန်လမ်းပိုင်းအတွင်း ပြေးဆွဲလျက်ရှိသည့် ပုံမှန်ရထားများနှင့် အထူးရထားများအတွက် Online မှ လက်မှတ်ရောင်းချခြင်းနှင့် ငွေပေးချေခြင်း (Online Railway Ticketing and Payment System – ORTP) စနစ်ဖြင့် ကြိုတင်ဝယ်ယူနိုင်ပြီး ခရီးစဉ်အစအဆုံးဘူတာများအတွက် (၇) ရက်နှင့် ကြားဘူတာများအတွက် (၃) ရက် ကြိုတင်၍ ဝယ်ယူနိုင်မည်ဖြစ်သည်။
သင်္ကြန်အကြိုမှ အတက်နေ့အထိ ပြေးဆွဲမှုခတ္တနားမည့် လူစီးအမြန်ရထားများမှာ ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတွင် အမှတ် (၇) အဆန်၊ (၈) အစုန်၊ (၃၁) အဆန်၊ (၃၂) အစုန်၊ (၃၃) အဆန်၊ (၃၄) အစုန် ရန်ကုန်-နေပြည်တော်-ရန်ကုန်ခရီးစဉ် DEMU ရထားများ၊ အမှတ် (၂၇) အဆန်၊ (၂၈) အစုန် နေပြည်တော်-မန္တလေး-နေပြည်တော် ခရီးစဉ် BEL ရထား၊ အမှတ် (၁) အဆန်၊ (၂) အစုန် ရန်ကုန်-မန္တလေး-ရန်ကုန်ခရီးစဉ်စာပို့ရထား၊ အမှတ် (၁၅) အဆန်၊ (၁၆) အစုန်၊ ရန်ကုန်-ပဲခူး-ရန်ကုန် DEMU ရထား၊ အမှတ် (သ-၃၀၁) အဆန်၊ (၃၀၂)အစုန် သာစည်-မန္တလေး-သာစည် ခရီးတို RBE ရထား၊ ရန်ကုန်-ပြည်လမ်းပိုင်းတွင် အမှတ် (၇၁) အဆန်၊ (၇၂) အစုန် ရန်ကုန်-ပြည်-ရန်ကုန်ခရီးစဉ် လူစီးအမြန်ရထား၊ အမှတ် (၆၅) အဆန်၊ (၆၆) အစုန် အင်းစိန်-ဥက္ကံ-အင်းစိန် ခရီးစဉ်စာပို့ရထားတို့ဖြစ်ကြောင်း သိရသည်။
