နေမိုး
၂. ၄. ၂၀၂၆
လူမြင်ကွင်းမှာ သေဒဏ်ပေးမှု အမြဲပြုလုပ်နေတဲ့ “ဝ” လက်နက်ကိုင် UWSA က ဒီနေ့လည်း ချစ်သူစုံတွဲတစ်တွဲကို သေဒဏ်ပေး၊ ထောင်ချမှုကို လူမြင်ကွင်းမှာ စီရင်မှု မိုင်းပေါက်ခရိုင်၊ မိုင်းပေါက်မြို့မှာ ပြုလုပ်ခဲ့တယ်လို့ UWSA ထိန်းချုပ်မီဒီယာ Wa News Land က ဖော်ပြပါတယ်။
UWSA ထိန်းချုပ်နယ်မြေမှာ လူသတ်မှုကျူးလွန်သူ အမျိုးသားကို သေဒဏ်နဲ့ ဒီရာဇဝတ်သားကို ခိုလှုံခွင့်ပေးထားပြီး သက်သေဖျောက်ဖျက်ဖို့ ကြိုးစားပေးတဲ့ ချစ်သူအမျိုးသမီးတစ်ဦးကို ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တာဖြစ်ပြီး တရားစီရင်ရေး အခမ်းအနားကို မိုင်းပေါက်မြို့မှာ ဒီကနေ့မနက်ပိုင်းထဲ ကျင်းပခဲ့ပြီး လူထုရှေ့မှောက်မှာ တရားစီရင်ချက်ချမှတ်ခဲ့တာပါ။
“ကျူးလွန်သူတွေက သမီးရည်းစားတွေလေ။ ကောင်လေးက အဲ့လူကို သေနတ်နဲ့ပစ်သတ်ပြီး ပိုက်ဆံ ယွမ်ငွေ ၂ သောင်းယူသွားတာ။ ကောင်လေးက ဆေးလည်းသုံးထားတယ်။ လောင်းကစားလည်းလုပ်တယ်။ အလောင်းကိုလည်း ဖျောက်ဖျက်ခဲ့ပြီး သူ့ကောင်မလေးစီ သွားနေခဲ့တာ။ သူ့ကောင်မလေးကလည်း ဖုန်းပြောတဲ့သက်သေတွေ သွေးစွန်းနေတဲ့ အဝတ်တွေဖျောက်ဖျက်ခဲ့တာ။ ကြံရာပါပေါ့”လို့ မျက်မြင်သက်သေကပြောတာကိုလည်း Wa News Land က ဖော်ပြထားပါတယ်။
ကျူးလွန်သူ လီနီလူ (အမျိုးသား)ဟာ အသက် ၂၄ နှစ်အရွယ်ရှိပြီး မိုင်းမောမြို့မှာ နေထိုင်သူဖြစ်တယ်လို့ ဆိုပေမဲ့ အားပေးကူညီသူ ဘောင်အွမ်ကိုတော့ အသက်အရွယ် မဖော်ပြထားပေမဲ့ ငယ်ရွယ်နုနယ်တာကိုတော့ ရုပ်ပုံမှာ တွေ့မြင်ရပါတယ်။
WSP ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်အရ “မိုင်းပေါက်ခရိုင်၊တရားစီရင်ရေး ကော်မတီ ပြည်သူ့တရားရုံးမှ ပထမအကြိမ်စစ်ဆေးခြင်း၊ “ဝ” ပြည်နယ်တရားစီရင်ရေးကော်မတီ ပြည်သူ့တရားရုံးမှ ဒုတိယအကြိမ်စစ်ဆေးခြင်းနှင့် ဗဟိုကော်မတီ၏ အတည်ပြုချက်ဖြင့် တရားရုံးက အောက်ပါအတိုင်း ဆုံးဖြတ်ခဲ့သည်။ တရားခံ လီနီလူသည် တရားမဝင်လက်နက်ကိုင်ဆောင်မှု၊ ရည်ရွယ်ချက်ရှိရှိလူသတ်မှု၊ လုယက်မှုနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုတို့ဖြင့် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီး နိုင်ငံရေးအခွင့်အရေးများ ဆုံးရှုံးစေကာ သေဒဏ်ချမှတ်ခံခဲ့ရသည်။ တရားခံ ဘောင်အွမ်သည် သက်သေအထောက်အထားများ ဖျက်ဆီးရာတွင် အားပေးကူညီမှုနှင့် ရာဇဝတ်သားတစ်ဦးကို ခိုလှုံခွင့်ပေးမှုတို့ဖြင့် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီး စုစုပေါင်းထောင်ဒဏ် ခြောက်နှစ် ချမှတ်ခဲ့သည်။ စီရင် ချက်ချပြီးနောက် တရားခံ လီနီလူကို ချက်ချင်းကွပ်မျက်ရာနေရာသို့ ခေါ်ဆောင်သွားပြီး ကွပ်မျက်ခဲ့သည်”လို့ဖော်ပြထားပါတယ်။
အလားတူ “ဝ” တပ် – UWSA ဟာ ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်ကလည်း လူသတ်မှုကျူးလွန်တဲ့ အမျိုသား ၄ ဦးကို ပန်ဆန်းမှာ သေဒဏ်ချမှတ်ခဲ့ပါတယ်။
“ဝ”လက်နက်ကိုင် UWSA နဲ့ ကိုးကန့်တရုတ်လက်နက်ကိုင် MNDAA ဟာ ဖမ်းဆီးရမိသူများစွာကို လူမြင်ကွင်းမှာ သေဒဏ်ပေးမှု မကြာခဏပြုလုပ်နေသလို ပြီးခဲ့တဲ့ နှစ်နစ်အတွင်းမှာ ဒီလက်နက်ကိုင်နှစ်ဖွဲ့ဟာ လူ ၃၀ ထက်မနည်းကို သေဒဏ်ပေးခဲ့ပေမဲ့ ဒီလိုသေဒဏ်ပေးမှုကို လူ့အခွင့်အရေးသမားတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကိုထောက်ခံတယ်ဆိုတဲ့ မီဒီယာတွေက ဝေဖန်ရဲမှုမရှိတာ တွေ့ရပါတယ်။
Ref & Photo – WSTV, Wa News Land




