နေမိုး
၂. ၄. ၂၀၂၆
အိန္ဒိယနိုင်ငံ မီဇိုရမ်ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ မတ်လ ၃၁ ရက်နေ့တွင် အိုက်ဇောခရိုင် အထူးသတင်းတပ်ဖွဲ့ (DSB) သည် Zemabawk နယ်မြေ၊ Tawngtaimual အနီးတွင် မြန်မာနိုင်ငံ၊ တီးတိန်ခရိုင်၊ သိန်းလည် (Thinglei) ရွာမှ မြန်မာနိုင်ငံသား နှစ်ဦးဖြစ်သူ ထန်လိုင်မန် (Thanglianmung) ၂၆ နှစ်နှင့် မန်လိထန် (Manglianthang ) ၂၃ နှစ် တို့ကို တားဆီးစစ်ဆေးခဲ့သည်။
“သက်သေများရှေ့တွင် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို စစ်ဆေးစဉ်အတွင်း ဘိန်းဖြူဟု ယူဆရသော အလေးချိန် ၁၀၄ ဂရမ်ပါဝင်သည့် ဆပ်ပြာခွက် ၉ ခွက်ကို ရှာဖွေသိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးရမိသော ဘိန်းဖြူ၏ တန်ဖိုးမှာ ရူပီး ၂၀ ဒသမ ၄ သိန်း (ကျပ်သိန်း ၁၀၀၀ ခန့်) ခန့် ရှိသည်ဟု ခန့်မှန်းရသည်။
ဤဖြစ်စဉ်နှင့်ပတ်သက်၍ Bawngkawn ရဲစခန်းတွင် NDPS အက်ဥပဒေနှင့် ၂၀၂၅ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံခြားသားများ အက်ဥပဒေတို့အရ အမှုဖွင့်ထားပြီး ၎င်းတို့နှင့် ဆက်စပ်နေသော ကွင်းဆက်များကို ဆက်လက်စုံစမ်းနေသည်” ဟု မီဇိုရမ်ရဲတပ်ဖွဲ့ဌာနချုပ်မှ အထွေထွေရဲမင်းကြီး (IGP) H Ramthlengliana က ပြောကြားခဲ့သည်။
